ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းကို နှေးကွေးဖို့ရန်အတွက် ကူညီပေးမယ့် နည်းလမ်းကောင်းတွေကတော့ အများအပြားပါပဲ။ ဒါပေမဲ့ သင့်ဆံကေသာက ဘယ်အကြောင်းအချက်များကြောင့် ကျွတ်ရသလဲဆိုတာကို သိထားဖို့တော့လိုပါတယ်။

အချို့ယောကျာ်းများအတွက် ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းသည် မျိုးရိုးဗီဇပေါ် မူတည်ပြီး အချို့ယောကျာ်းများအတွက်တော့ မိမိ စားသုံးတဲ့အစားအစာ၊ နေထိုင်မှုလူမှုဘဝ၊ ခံစားနေရသော စိတ်ဖိစီးမှုများ၊ ဟော်မုန်းအပြောင်းအလဲများအပေါ် မူတည်ပါတယ်။ ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ချင်တဲ့ ယောကျာ်းများအတွက် ဆံပင်သန်စေမယ့် နည်းလမ်းများက ဘယ်နည်းလမ်းတွေဖြစ်မလဲ။

ပရိုတင်းဓာတ် များများ စားသုံးပါ

why protein is good for men

Photo Source: Thejakartapost.com

ဆံပင်မွှေးညှင်းပေါက်လေးများက ပရိုတင်းဓာတ်များဖြင့် အများဆုံးဖွဲ့စည်းထားတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က လေ့လာတွေ့ရှိထားတဲ့ လေ့လာချက်အရ ဆံပင် အများအပြားကျွတ်တဲ့သူတွေမှာ ပရိုတင်းဓာတ်များ ချို့တဲ့နေတာကို တွေ့ရှိရပါတယ်။

ဒါ့ကြောင့် ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပြီး ဆံပင်သန်စေဖို့ရန်အတွက် ဥအမျိုးမျိုး၊ အစေ့အဆံနှင့် အခွံမာသီးများ၊ ပဲအမျိုးမျိုး၊ ကြက်သား၊ အဆီနည်းသော နို့နှင့် နို့ထွက်ပစ္စည်းများ စတဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာများကို များများစားသုံးသင့်ပါတယ်။

ဗီတာမင်အေ ကြွယ်ဝသော အစားအစာများ မှီဝဲပါ

vitamin A for men

Photo Source: iStock.com

ဗီတာမင်အေကတော့ ဆံပင်ရှည်နှုန်းကို မြန်ဆန်လာအောင် ကူညီပေးတဲ့ ဗီတာမင်ဓာတ်တစ်မျိုးပါ။ ဒါ့အပြင် ဦးရေပြား ပိုမိုကျန်းမာနေအောင် ထိန်းသိမ်းပေးပြီး ဆံပင်မကျွတ်အောင် ကူညီပေးပါတယ်။ ဗီတာမင်အေဓာတ် ကြွယ်ဝတဲ့အစားအစာများကတော့ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ငရုတ်သီး စတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။

ပုံမှန်ခေါင်းလျှော်ပါ

man washing hair; fashion tips

Photo Source: Peteandpedro.com

နေ့တိုင်း ခေါင်းလျှော်တဲ့သူများက ဆံပင်ပိုကျွတ်တတ်ပါတယ်။ နေ့တိုင်း ခေါင်းလျှော်လိုက်တဲ့အခါ ဦးရေပြားရှိ အဆီများက ခန်းခြောက်သွားပါတယ်။ ဒါ့ကြောင့် တစ်ပတ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်သာ ခေါင်းလျှော်သင့်ပါတယ်။ ဒါ့အပြင် မိမိအသုံးပြုတဲ့ခေါင်းလျှော်ရည်ကလည်း မိမိရဲ့ဆံကေသာအမျိုးအစားနဲ့ ကိုက်ညီမှုရှိဖို့ လိုပါသေးတယ်။

အုန်းဆီ လိမ်းကျံပါ

coconut oil for men

Photo Source: Verywellhealth.com

၂၀၁၈ ခုနှစ်က လေ့လာတွေ့ရှိထားတဲ့ လေ့လာချက်များအရ အုန်းဆီက ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးပြီး ခရမ်းလွန်ရောင်ခြည်ကြောင့် ဆံကေသာပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်တယ်လို့ သုတေသနပညာရှင်များက ယုံကြည်ကြပါတယ်။

အုန်းဆီထဲမှာ ပါဝင်တဲ့ Lauric အက်ဆစ်က ဆံပင်အတွက်လိုအပ်တဲ့ ပရိုတင်းဓာတ်များကို ဖြည့်တင်းပေးပြီး ဆံပင်ကို အရင်းကနေ အဖျားအထိ သန်မာအောင် ကူညီပေးပါတယ်။ အုန်းဆီကို ဆံကေသာ ဦးရေပြားပေါ်တွင် နှိပ်နယ်ပေးပါက သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေကာ ဆံပင်သန်အောင်လည်း ကူညီပေးပါတယ်။

သံလွင်ဆီ အသုံးပြုပါ

olive oil for men

Photo Source: foodnavigator-usa.com

သံလွင်ဆီသည်လည်း အုန်းဆီကဲ့သို့ အစွမ်းထက်တဲ့ဆေးစွမ်းကောင်းတစ်လက်ပါပဲ။ သံလွင်ဆီကို ဆံကေသာပေါ် လိမ်းကျံပေးပါက ဆံပင်ခြောက်ခြင်း၊ ကျိုးကြေပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ခေါင်းမလျှော်ခင်မှာ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းခန့် လိမ်းကျံပေးပြီးနောက် မိနစ် ၃၀ ခန့် ထားထားပါ။ သတ်မှတ်ချိန်ပြည့်မှ ခေါင်းလျှော်ပေးပါက သင့်ဆံကေသာက အရင်ကထက်ပိုပြီး ကျန်းမာသန်စွမ်းလာတာကို မျက်ဝါးထင်ထင်တွေ့မြင်ရပါလိမ့်မယ်။

Source: Healthline.com