လုပ်ငန်းခွင်ဝင်နေရတဲ့သူများက သူတို့တစ်နေ့တာရဲ့သုံးပုံနှစ်ပုံခန့်က ရုံးမှာပဲ အချိန်ကုန်ဆုံးသွားတာပါ။ ရုံးဆိုတာ လုပ်ငန်းခွင်ဝင်နေရတဲ့ ယောကျာ်းများအတွက် ဒုတိယအိမ်လိုဖြစ်နေတဲ့အတွက်ကြောင့် မိမိလုပ်ဖော်ကိုက်ဖက်များနဲ့ သဟဇာတဖြစ်စွာ အလုပ်လုပ်ကိုင်ဖို့လိုအပ်ပါတယ်။ ကိုယ့်လုပ်ဖော်ကိုက်ဖက်များနဲ့ သင့်မြတ်မှုမရှိရင်တော့ ပျော်ရွှင်စရာကောင်းပြီး အောင်မြင်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်မျိုး ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။
ဒါဆိုရင် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ အဆင်ပြေပြေ အလုပ်လုပ်ကိုင်နိုင်ဖို့ရန်အတွက် ဘယ်လိုကျင့်ဝတ်တွေကို ကျင့်ကြံရမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။
မိမိလုပ်ဖော်ကိုင်ဖက်များကို လေးစားသမှုပြပါ

Photo Source: Everypixel.com
လုပ်ငန်းခွင်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တိုင်းနဲ့ ခင်မင်ရင်းနှီးစရာမလိုပါဘူး။ ဒါပေမဲ့ အချင်းချင်း လေးစားမှုတော့ထားရမှာဖြစ်ပါတယ်။ အခြားတစ်ယောက်ကို မကျေနပ်လို့ စောင်းမြောင်းခြင်း၊ ရွဲ့ပြောတတ်ခြင်းတို့ မပြုလုပ်ပါနဲ့။ အခြားသူ ပြုလုပ်ထားတဲ့အလုပ်ကို မိမိနာမည်ကောင်းရချင်စိတ်တစ်ခုတည်းနဲ့ ကိုယ်လုပ်ထားသလို မပြောပါနဲ့။ ဒီအချက်လေးတွေက ကိုယ့်ကိုယ်ကိုလည်း လေးစားရာရောက်သလို အခြားသူများကိုလည်း လေးစားမှုပြသရာရောက်ပါတယ်။
ကြင်ကြင်နာနာဆက်ဆံပါ

Photo Source: Everypixel.com
သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များ အကူအညီလိုအပ်ပါက ကူညီဖို့ ဝန်မလေးပါနဲ့။ ရံဖန်ရံခါ ကြင်နာမှုကိုလည်း ပြသပါ။ ဥပမာ ကိုယ် ကော်ဖီ ဖျော်တဲ့အခါ ကိုယ့်လုပ်ဖော်ကိုင်ဖက်အတွက် တစ်ခွက်ပိုဖျော်ပေးလိုက်တာမျိုး၊ ရုံးဆင်းချိန် ကွက်တိဆင်းတာမျိုးမဟုတ်ဘဲ သူ့ရဲ့ပရောဂျက်အတွက် ၁၅ မိနစ်လောက် ကူလုပ်ပေးလိုက်တာမျိုးက သင့်အတွက် ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းလာမှာဖြစ်သလို သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းလည်း တိုးလာမှာဖြစ်ပါတယ်။
မဟုတ်မမှန်သော အတင်းအဖျင်းများ ပြောခြင်းမှရှောင်ကြဉ်ပါ

Photo Source: Emergencysupport.com
လုပ်ငန်းခွင်မှာ အတင်းပြောခြင်းက သင့်ကို တချိန်ချိန်မှာ ဒုက္ခရောက်စေနိုင်ပါတယ်။ သင် ပြောလိုက်တဲ့အတင်းက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သင့်အတွက် ဘာကောင်းကျိုးမှ ပေးစွမ်းမှာမဟုတ်ပါဘူး။ သူတို့ဘက်က အခြားတစ်ယောက်အကြောင်း အတင်းအဖျင်းလာပြောပါကလည်း သင့်ဘက်က ဘာမှမတုန့်ပြန်ဘဲ နားထောင်ရုံသာ နားထောင်ပေးလိုက်ပါ။ အချိန်ကြာလာတဲ့အခါ သင်နဲ့ အတင်းပြောရတာ စိတ်ဝင်စားစရာမကောင်းတာကြောင့် နောက်ဆိုလာပြောမှာမဟုတ်တော့ပါဘူး။
သင်ရော သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ဘယ်လိုတည်ဆောက်သလဲဆိုတာ ဝေမျှခဲ့ပါဦး။
Source: Careeraddict.com
