ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်စွမ်းရှိခြင်း ( Self-Control) ဟာ နေ့စဉ်ဘဝရဲ့ မရှိမဖြစ်အစိတ်အပိုင်းထဲက တစ်ခုပဲ ဖြစ်ပါတယ်။ Self-Control ကောင်းတဲ့သူဟာ ကျန်းမာပြီး အကောင်းမြင်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်စွမ်း ရှိပါတယ်။ စိတ်ခံစားချက်ကို မျှတမှန်ကန်အောင် ထိန်းသိမ်းနိုင်လို့ အဆင်ခြင်မဲ့ လုပ်ရပ်တွေ ရှောင်ရှားနိုင်ပါတယ်။
Self-Control လိုမျိုး စိတ်စွမ်းအင်တစ်ခု တည်ဆောက်ဖို့ ဆိုတာ ခက်ပါတယ်။ ဒါပေမဲ့လည်း မဖြစ်နိုင်ဘူးတော့ မဟုတ်ပါဘူး။ အခုပြောမယ့် အလေ့အကျင့်တွေ ပုံမှန်လုပ်ဆောင်သွားမယ်ဆိုရင်ကိုပဲ တစ်နေ့ထက် တစ်နေ့ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်တဲ့သူ ဖြစ်လာနိုင်ပါတယ်။
(၁) Willpower ကို ပျက်စီးစေတဲ့ အရာတွေကို ရှောင်ခြင်း

Photo: Freepik
Self-Control ကောင်းချင်ရင် အရင်ဆုံး ကိုယ့်စိတ်စွမ်းအားကို ချည့်နဲ့စေတဲ့အရာတွေနဲ့ အဆက်ဖြတ်ဖို့ လိုပါတယ်။ ကိုယ့်ထိန်းချုပ်မှုကို ပျက်စီးစေမယ့် မြူဆွယ်မှုတွေနောက် မလိုက်ဖို့ လေ့ကျင့်ရပါတယ်။ အကောင်းဆုံးက ကိုယ့်ကို ဖျားယောင်းသွေးဆောင်နိုင်စွမ်းရှိတဲ့ အလိုရမ္မက်တွေ ၊ ဒေါသနဲ့ စိတ်မငြိမ်မသက်ဖြစ်စေတဲ့အရာတွေရဲ့ အရင်းအမြစ်ကို ဖယ်ရှားပစ်ဖို့ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ကိုယ် မလုပ်ချင်ပေမယ့် လုပ်သင့်တဲ့အရာတွေ (ဥပမာ- ကျန်းမာရေးလိုက်စားတာ ၊ ပညာရပ်တစ်ခု သင်ယူတာ) ကို လုပ်ဖြစ်အာင် ကိုယ့်ကိုယ်ကိုယ် လှုံ့ဆော်တိုက်တွန်းပေးနေရပါမယ်။ ကိုယ့်စိတ်နဲ့ ကိုယ်ဟာ အမိန့်နာခံတတ်တဲ့ အစေခံတစ်ယောက်လိုမျိုး ကိုယ့်ထိန်းချုပ်မှုအောက်မှာပဲ သေသေဝပ်ဝပ် ရှိနေဖို့ နေ့တိုင်း အလေ့အကျင့် လုပ်ပေးဖို့ လိုပါတယ်။
(၂) ရုပ်ပိုင်းစိတ်ပိုင်း ကျန်းမာရေး ဂရုစိုက်ခြင်း

Photo: Freepik
Self-Control လုပ်တယ်ဆိုတာ ကိုယ့်ရဲ့ စိတ်ပိုင်း ၊ ရုပ်ပိုင်း ကျန်းမာရေးကို မြှင့်တင်နေတာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် Self-Control ကောင်းဖို့ ရုပ်ပိုင်း ကျန်းမာရေး ကောင်းအောင်လည်း ဂရုစိုက်ပေးရပါတယ်။ စိတ်နဲ့ဦးနှောက် ကျန်းမာဖို့ ကိုယ်ကာယလှုပ်ရှားမှုတွေ လုပ်တာမျိုး ၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ရုပ်စွမ်းအားအတွက် လောင်စာဖြစ်အောင် စားသောက်တာမျိုး ၊ အင်ပြည့်အားပြည့် အနားယူတာမျိုးလည်း လုပ်ပေးဖို့ လိုပါတယ်။
အကောင်းမြင်စိတ်မရှိခြင်းကလည်း Self-Control ပျောက်ဆုံးတဲ့ အဓိကအကြောင်းရင်းထဲမှာ ပါပါတယ်။ ဒါကြောင့် စိတ်ပိုင်းကျန်းမာရေး အလေးထားပါ။ တရားထိုင်တာမျိုး ကိုယ့်ကိုယ်ကိုယ် နဲ့ ကိုယ့်အသက်ရှုမှုလေးအပြင် လက်ရှိပစ္စုပ္ပန်ကာလလေးပေါ် အာရုံစိုက်တဲ့ အလေ့အကျင့်တွေကလည်း Self-Control အားကောင်းစေတဲ့ အကြောင်းဖြစ်ပါတယ်။
(၃) စိတ်ထိန်းတဲ့ အလေ့အကျင့်လုပ်ခြင်း

Photo: Freepik
Self-Control ဆိုတာ လေ့ကျင့်ရင် ဖြစ်တဲ့အရာပါ။ Self-Control လေ့ကျင့်တယ်ဆိုတာ ပြီးမြောက်အောင် လုပ်မယ်ဆိုတဲ့ ကိုယ့်အဓိဌာန်ကို သေချာအောင် လ့ကျင့်တာ ဖြစ်ပါတယ်။ ကိုယ့်အတွက် ခက်ခဲပေမယ့် အကျိုးများတဲ့ ကိစ္စတွေကို လုပ်ဖို့ စိတ်ကို ထိန်းကျောင်းတာ ဖြစ်ပါတယ်။ အလေ့အကျင့်အနေနဲ့ ဒီနေ့ လူမှုကွန်ရက် ၁ နာရီပဲ သုံးမယ်လို့ စိတ်ပိုင်းဖြတ်ပြီး ဆုံးဖြတ်တဲ့အတိုင်း စိတ်ကို ထိန်းတာမျိုးပါ။ ကိုယ့်ရဲ့ လက်ခြေတွေကို ကိုယ့်စိတ်ရဲ့ ခိုင်းစေချက်/သိရှိမှု မပါဘဲ မလှုပ်တာကနေ မကောင်းတဲ့ အတွေးတွေ မတွေးအောင် ထိန်းချုပ်တာကလည်း Self-Control ကောင်းအောင် လေ့ကျင့်နေတာပဲ ဖြစ်ပါတယ်။
