ယုံကြည်မှုသည် မည်သည့်ဆက်ဆံရေးအတွက်မဆို အရေးကြီးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုမရှိဘဲနဲ့ ပေါင်းသင်းဆက်ဆံလို့မရပါဘူး။ အထူးသဖြင့် သမီးရည်းစားဆက်ဆံရေးတွင် တစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှုရှိရန်၊ နားလည်မှုရှိရန် အထူးအရေးကြီးပါတယ်။
သင့်အနေနဲ့ သင့်ကောင်မလေးထံက ယုံကြည်မှု ဘယ်လိုရယူရမလဲ။ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှု ဘယ်လိုတည်ဆောက်ရမလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကနေတဆင့် လေ့လာကာ လက်တွေ့ကျင့်သုံးနိုင်ပါတယ်။
အပြောနှင့်အလုပ် ညီရပါမယ်

ကိုယ်ကတိပေးထားတဲ့အရာတစ်ခုကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကတိတည်နိုင်ဖို့ ကြိုးစားရပါမယ်။ သူ(မ)အတွက် မလုပ်ပေးနိုင်ဘူးဆိုရင်လည်း အစကတည်းက ကတိမပေးပါနဲ့။ ကတိပေးပြီးမှ ကိုယ်က မလုပ်ပေးနိုင်ရင် ကိုယ့်အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားပါလိမ့်မယ်။
လျှို့ဝှက်ချက်မထားရပါဘူး

သင်တို့ နှစ်ယောက်ကြားမှာ လျှို့ဝှက်ချက်ရှိနေသရွေ့ ဘယ်တော့မှ ယုံကြည်မှုရနိုင်မှာမဟုတ်ပါဘူး။ အချိန်အတိုင်းအတာတစ်ခုအထိ တွဲလာပြီးနောက် တစ်ယောက်အကြောင်းတစ်ယောက် သိလာတဲ့အခါ ကိုယ့်ရဲ့အခက်အခဲများ၊ လျှို့ဝှက်ချက်များကို အချင်းချင်း ဝေမျှနိုင်ပါတယ်။
ကိုယ့်ကောင်မလေးရဲ့ လျှို့ဝှက်ချက်ကိုလည်း အခြားတစ်ယောက်ထံ မပြောပြရပါဘူး

သင့်ကောင်မလေးက သင့်ကို ယုံကြည်လို့ သူ့ရဲ့လျှို့ဝှက်ချက်ကို ပြောပြတဲ့အခါမှာလည်း သူ(မ)ရဲ့လျှို့ဝှက်ချက်ကိုလည်း မပေါက်ကြားအောင် ထိန်းသိမ်းရပါမယ်။ ဒါက သူ(မ)အပေါ် ထားရှိတဲ့ သင့်ရဲ့သစ္စာစောင့်သိမှုကို ဖော်ပြရာရောက်ပါတယ်။ သူ(မ)နဲ့ စိတ်ဆိုးရန်ဖြစ်နေချိန်မှာလည်း သူ(မ)ရဲ့အတွင်းရေးများ၊ မကောင်းကြောင်းများကိုလည်း လျှောက်မပြောရပါဘူး။
မိမိအမှားကို လက်ခံပြီး အမှားအတွက် တာဝန်ယူစိတ်ရှိရပါမယ်

လူတိုင်းက အမှားကျူးလွန်တတ်ကြပါတယ်။ ရည်ရွယ်ချက်မရှိပါဘဲနဲ့ မတော်တဆဖြစ်သွားတဲ့အမှားအတွက်လည်း တာဝန်ယူစိတ်ရှိပါမှ တကယ့်ယောကျာ်းကောင်းပီသမှာဖြစ်ပါတယ်။
ခွင့်လွှတ်တတ်ဖို့ ကြိုးစားပါ

ကိုယ့်ဘက်က အမှားလုပ်မိတဲ့အခါမှာလည်း ခွင့်လွှတ်ပေးဖို့ တောင်းပန်ရမှာဖြစ်သလို သူ(မ)ဘက်ကလည်း အမှားကျူးလွန်မိပါက ခွင့်လွှတ်ပေးရပါမယ်။ ဒါပေမဲ့ ထိုအမှားသည် လက်သင့်ခံနိုင်လောက်တဲ့အမှားမျိုးဖြစ်ဖို့တော့လိုပါတယ်။
ကွယ်ရာမှာ သစ္စာမဖောက်ပါနဲ့

လူမှုရေးဖောက်ပြန်ခြင်းကတော့ ဘယ်သူမှ လက်သင့်မခံနိုင်တဲ့အမှားမျိုးပဲဖြစ်ပါတယ်။ သင့်ကောင်မလေး ကွယ်ရာမှာ သူ(မ)အပေါ် သစ္စာရှိပေးရမှာဖြစ်သလို အမြဲတမ်း သစ္စာရှိပေးဖို့လည်း လိုပါတယ်။ ယနေ့ခေတ်မှာ လူမှုရေးဖောက်ပြန်မှုတွေက တဖြည်းဖြည်းများလွန်းလှပါတယ်။ ကိုယ့်ကောင်မလေးကို တကယ်မချစ်ပါဘဲနဲ့ စိတ်ဒုက္ခပေးတာမျိုး၊ ကွယ်ရာမှာ တခြားကောင်မလေးနဲ့ ဖောက်ပြန်နေတာမျိုးက ယောကျာ်းကောင်း၊ ယောကျာ်းမြတ်တွေရဲ့လုပ်ရပ်မဟုတ်ပါဘူး။ သင့်ကောင်မလေးကို မချစ်တော့ဘူးဆိုရင်လည်း ပြတ်ပြတ်သားသားပြောပြီး လမ်းခွဲလိုက်ခြင်းကသာ ဂုဏ်သိက္ခာရှိတဲ့ ယောကျာ်းကောင်းတစ်ယောက်ရဲ့လုပ်ရပ်ပါ။
Source: Thedailyspice.com
