ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးရဲ့ စူပါကားတွေကို သင်္ဘောတင်ဖို့အတွက် ပြင်ဆင်ထားတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ပေါ်ထွက်လာခဲ့ပြီးနောက် ဂျူဗင်တပ်ကို ရော်နယ်ဒို စွန့်ခွာဖို့ ပြင်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး Tuttojuve ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုရဲ့ စူပါကားတွေကို လစ္စဘွန်းမှာ အခြေစိုက်တဲ့ ကုမ္ပဏီက ပိုင်ဆိုင်တဲ့ ကုန်တင်ကားကြီးတွေထဲကို ထည့်ထားတာကို မြင်တွေ့ခဲ့ရတယ်လို့ သိရပြီး အများစုကတော့ ဘလွန်းဒီအော် ၅ ဆုရှင်ဟာ ပေါ်တူဂီကို ပြန်သွားတော့မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

Cristiano Ronaldo fuels Juventus exit speculation by moving his supercar collection

Photo: newschant

ရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူ စပို့တင်းလစ္စဘွန်း ပရိသတ်တွေကို ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်က အသင်းကို ပြန်လာလိမ့်မယ်လို့ ပြောကြားခဲ့တဲ့အတွက်လည်း ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေက မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ၎င်းရဲ့ မိသားစုနဲ့ အတူတူနေထိုင်နိုင်ဖို့အတွက် ပေါ်တူဂီကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ဆယ်စုနှစ် ၂ ခုကျော်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားကို ယူဆောင်ပေးနိုင်မယ့်သူဆိုတဲ့ ယုံကြည်ချက်နဲ့ ရော်နယ်ဒိုကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် ဂျူဗင်တပ်အသင်းဟာ ရော်နယ်ဒို ရောက်ရှိလာတဲ့အချိန်ကတည်းက ကွာတားဖိုင်နယ်အဆင့်ကို မကျော်ဖြတ်နိုင်တော့တာဖြစ်ပါတယ်။

Ronaldo and his supercar

Photo: sportbible

ဂျူဗင်တပ်ဟာ လက်ရှိမှာ စီးရီးအေအမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို လွဲချော်နိုင်တဲ့အရေးနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အဲဒါကြောင့် ပရိသတ်အများစုနဲ့ ဘောလုံးဝေဖန်သူတွေက ယခုရာသီကုန်မှာ နည်းပြ ပီယာလို ရာထူးကနေ ထုတ်ပယ်ခံရလိမ့်မယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေကလည်း ယခုနွေရာသီမှာ အသင်းလူစာရင်းကို ကြီးမားတဲ့အပြောင်းအလဲတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပြီး ခရစ္စတီယာနို ရော်နယ်ဒိုကို ရောင်းချဖို့လည်း ဆန္ဒရှိနေကြတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ဂျူဗင်တပ်အတွက် ၁၃၂ ပွဲမှာ ၁၀၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ပွဲကြီးပွဲကောင်းတွေမှာ အကျိုးသက်ရောက်မှု မပြသနိုင်ခဲ့တာကြောင့် ဝေဖန်ပြစ်တင်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး ၎င်းရဲ့ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၃၀ ကလည်း ဂျူဗင်တပ်အတွက် ကြီးမားတဲ့ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးဖြစ်နေခဲ့တာဖြစ်ပါတယ်။