တော့တင်ဟမ်ဟော့စပါးအသင်း ကစားသမားသစ် စုဆောင်းရေးဝန်ထမ်းက မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မာစီယယ်လ်နဲ့ မန်စီးတီးတိုက်စစ်မှူး ဂေဘရီရယ် ဂျီးဆပ်တို့ကို ဟယ်ရီကိန်းရဲ့အပြောင်းအရွှေ့အတွက် အလိုက်ပေးကမ်းလှမ်းနိုင်တဲ့ကစားသမားတွေအဖြစ် သတ်မှတ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိန်းဟာ အဓိကဆုဖလားတွေကို ရရှိချင်တဲ့ ၎င်းရဲ့ဆန္ဒကို ပွင့်ပွင့်လင်းလင်း ပြောကြားထားခဲ့သူဖြစ်ပြီး စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၃၃၄ ပွဲမှာ ၂၂၀ ဂိုးအထိ သွင်းယူပေးထားခဲ့ပေမယ့်လည်း မြောက်လန်ဒန်ကလပ်အသင်းနဲ့အတူ ကစားသမားဘဝတလျှောက်လုံး ဖလားတစ်လုံးမှ ရရှိခြင်းမရှိသေးတာဖြစ်ပါတယ်။

Gabriel Jesus , Kane and Anthony Martial

Photo: punditarena

တော့တင်ဟမ်ဟော့စပါးအသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်တာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်က ယခုနွေရာသီမှာ အသင်းကို စွန့်ခွာချင်ပြီဖြစ်ကြောင်း အသင်းကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ စပါးကြယ်ပွင့်တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ကစားသမားရဲ့ အေးဂျင့်ကို ဆက်သွယ်ခဲ့တဲ့ ပရီးမီးယားလိဂ်ကလပ်အသင်း ၃ သင်းဖြစ်တယ်လို့ ထင်မြင်ရပေမယ့်လည်း စပါးအသင်းက ၎င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူးကို ပေါင်သန်း ၁၅၀ ထက် ပိုမိုတဲ့ ပြောင်းရွှေ့ကြေးနဲ့မှ ထွက်ခွာခွင့် ပြုချင်နေတာဖြစ်ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ စပါးအသင်းက ဝန်ထမ်းတွေဟာ လာမယ့် ရက်သတ္တပတ်များစွာကျရင် အသင်းကနေ ထွက်ခွာနိုင်ခြေရှိတဲ့ ကိန်းအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပြီး နွေရာသီအပြောင်းအရွှေ့ကာလမှာ ဟယ်ရီ ကိန်းအသင်းကနေ ထွက်ခွာနိုင်တယ်ဆိုတာကို အသင်းအတွင်းပိုင်းမှာ လက်ခံနေကြပြီဖြစ်ပါတယ်။

Harry Kane of Tottenham Hotspur

Photo: Extra IE

မြောက်လန်ဒန်ကလပ်ရဲ့ ကစားသမားစုဆောင်းရေးအဖွဲ့ ဂျီးဆပ်နဲ့ မာစီယယ်လ်တို့ကို ဟယ်ရီ ကိန်းအတွက် အလိုက်ပေးကမ်းလှမ်းနိုင်တဲ့ ကစားသမားတွေအဖြစ် ရှုမြင်ထားခဲ့ပြီးဖြစ်တယ်လို့ သိရပြီး ပရီးမီးယားလိဂ်ကလပ်အသင်းတွေအနေနဲ့လည်း ယခုလို ကာလမှာ ငွေသားသီးသန့်နဲ့ ခေါ်ယူနိုင်ဖို့ကလည်း အခက်အခဲရှိကောင်းရှိနေမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပါးအသင်းဥက္ကဌ လီဗိုင်းကတော့ ဖြစ်နိုင်မယ်ဆိုရင် မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်တို့ကို ရောင်းချဖို့ကို ရှောင်ကြဉ်သွားချင်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။