ကျွန်တော်တို့ အများစုဟာ မနက်ခင်းကို အစီအစဉ်မကျ နိုးထလာသူတွေ ဖြစ်ပါတယ်။ မနက်ဖက်ကို ဘယ်အချိန်နိုးရမယ် ၊ နိုးတာနဲ့ ဘာလုပ်မယ်ဆိုတဲ့ Plan ထားလေ့လည်း မရှိကြပါဘူး။ တကယ်တော့ မနက်ခင်းဆိုတာ တစ်နေ့တာရဲ့ အကောင်းဆုံး အချိန်အပိုင်းအခြားတစ်ခု ဖြစ်ပြီး မနက်ပိုင်းမှာ လုပ်နေကျ အကျင့်တွေက လူတစ်ယောက်ရဲ့ဘဝကို ကောင်းအောင် / ဆိုးအောင် ပုံဖော်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အကောင်းဆုံးမနက်ခင်းတစ်ခုဖြစ်လာဖို့ လုပ်ဆောင်သင့်တဲ့ ပုံမှန်အစီအစဉ်လေး မျှဝေပေးလိုက်ပါတယ်။

(၁) အိပ်ရာက ချက်ချင်းထပါ

man wake up early morning

Photo: Freepik

Alarm မြည်သံ ကြားတာနဲ့ အိပ်ရာက ထပါ။ ၅ မိနစ်လောက် ထပ်မှေးလိုက်ဦးမယ်ဆိုတာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်တာဟာ သင့်တစ်နေ့တာကို စတင်ပြီး ဖျက်ဆီးလိုက်တာပါပဲ။ တစ်နည်းအားဖြင့် သင့်ရဲ့ အပျင်းကြီးမှုကို အရှိန်မြှင့်တင်ပေးတာနဲ့ တူနေပါတယ်။ ဖြစ်သင့်တာက နှိုးစက်သံကြားတာနဲ့ အိပ်ရာက ချက်ချင်းထတဲ့အကျင့်ကို ဦးနှောက်ကို လေ့ကျင့်ပေးထားပါ။ အိပ်ရာက နိုးနိုးချင်း မနက်ခင်းအစီအစဉ်တွေ စတင်လိုက်ပါတော့။

(၂) မနက်ဘက် ကိုယ်လက်လှုပ်ရှားပါ

silhouette-young-fitness-man-running-sunrise

Photo: Freepik

အိပ်ရာက ထပြီးတဲ့နောက် အကြောအချဉ်တွေ ပြေလျော့သွားအောင် အကြောလျှော့တာ ၊ သွေးပူလေ့ကျင့်ခန်း လုပ်တာမျိုးတွေ လုပ်ပေးပါ။ ဒါကို Morning Mobility Exercises တွေလို့ လည်း ခေါ်ကြပါတယ်။ မနက်ခင်း အကြောလျှော့လေ့ကျင့်ခန်း လုပ်ပေးခြင်းအားဖြင့် ချက်ချင်း နိုးကြားလာပြီး ကြွက်သားတွေ သွေးလည်ပတ်လှုပ်ရှားမှု မှန်လာတဲ့အပြင် စိတ်ခံစားမှု ၊ ဦးနှောက်လုပ်ဆောင်ချက် ၊ ကိုယ်တွင်းစွမ်းအင်နဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း ပိုမိုမြန်ဆန်စေနိုင်ပါတယ်။

(၃) အိပ်ရာသိမ်းပါ

asian-man-is-cleaning-his-bedroom-with-warm-summer-light

Photo: Freepik

ကိုယ်အိပ်တဲ့ အိပ်ရာခင်းကို ကိုယ်တိုင်သိမ်းခြင်းဟာ တစ်နေ့တာရဲ့ ပထမဆုံးအလုပ်တာဝန်ကို ပြီးမြောက်အောင် လုပ်လိုက်တာပဲဖြစ်ပါတယ်။ အိပ်ရာခင်းသိမ်းခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူရတဲ့ ခံစားချက်ဝင်ပြီး နောက်ထပ် နောက်ထပ်အရေးကြီးတဲ့ အလုပ်တာဝန်တွေ လုပ်ဖို့ ကိုယ့်အတွက်လည်း အားဖြစ်စေမယ်လို့ ဗိုလ်ချုပ်ကြီး မက်စ်ရာဗန်က ပြောဖူးပါတယ်။ ဒါကြောင့် တစ်နေ့တာရဲ့ ပထမဆုံးအလုပ်ဖြစ်တဲ့ ကိုယ့်အိပ်ရာ ကိုယ်သိမ်းတာကို ပုံမှန်လုပ်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

(၄) ရေဝဝသောက်ပါ

crop-man-pouring-water-near-window

Photo: Freepik

လူ့ကိုယ်ခန္ဓာရဲ့ ၇၀% ဟာ ရေနဲ့ ဖွဲ့စည်းထားတာပါ။ ၇ နာရီ ၈ နာရီလောက် အိပ်ထားပြီး နိုးလာလာချင်း လူ့ကိုယ်ခန္ဓာဟာ ရေဓါတ်ကို အကြီးအကျယ်လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် နိုးနိုးချင်း ရေတစ်ဖန်ခွက် ဝဝသောက်ပေးပြီး ရေဓါတ်ဖြည့်ပေးဖို့ လိုပါတယ်။ ရေဓါတ်ပြည့်ဝနေတဲ့ လူဟာ ကိုယ်ရောစိတ်ပါ ကြည်လင်တက်ကြွပြီး ဇီဝကမ္မလုပ်ဆောင်ချက်တွေပါ မြန်ဆန်ကောင်းမွန်တဲ့ အကျိုးကို ခံစားရမှာပါ။

(၅) တစ်နေ့တာ အစီအစဉ်ဆွဲပါ

high-angle-list-notepad-with-glasses-pen

Photo: Freepik

မနက်ခင်းမှာ မပျက်မကွက် ဆောင်ရွက်သင့်တာတစ်ခုက တစ်နေ့စာ လုပ်ရမယ့်စာရင်းကို အစီအစဉ်ချတာပဲ ဖြစ်ပါတယ်။ ကြုံသလို ရှင်းမယ်ဆိုတဲ့ စိတ်နဲ့ တစ်ရက်တာကို ဖြတ်သန်းမယ်ဆိုရင် နေ့တိုင်းမှာ အလုပ်မပြီးတာတွေ ၊ အလုပ်လုပ်ဆောင်နိုင်စွမ်း ထိခိုက်လာတာတွေနဲ့ ခေါင်းနောက်လောက်အောင် ဝန်ပိတာမျိုးတွေ ကြုံလာနိုင်ပါတယ်။ ဒါကြောင့် မနက်တိုင်းမှာ တစ်နေ့တာ လုပ်စရာ To-Do List ချရေးဖို့ အချိန်ပေးပါလို့ ပြောချင်ပါတယ်။