မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ် တောင်ပံကြယ်ပွင့် ကင်းစလေ ကိုမန်းအတွက် ကနဦး ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ The Express က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ တောင်ပံကစားသမား အသည်းအသန် လိုအပ်နေတာဖြစ်ပြီး ယခုနွေရာသီမှာ ရွေးချယ်လို့ရနိုင်တဲ့ ကစားသမားအားလုံးကို ရှာဖွေနေတာဖြစ်ပါတယ်။

Photo: sportskeeda
ဂျာမန်သတင်းဌာန Bild ရဲ့ ဖော်ပြချက်အရ ကင်းစလေ ကိုမန်းဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်ကိစ္စ လိပ်ခဲတည်းလည်းအခြေအနေကို ရောက်ရှိနေသူဖြစ်တယ်လို့ သိရပြီး ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးက ပြင်သစ်တောင်ပံကစားသမားကို စာချုပ်သစ် ကမ်းလှမ်းဖို့ ဆန္ဒရှိနေပေမယ့် ကိုမန်းက ဘိုင်ယန် မပေးနိုင်တဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၂ သိန်းအထိ တိုးမြှင့်ရရှိချင်နေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက အဲဒီအခြေအနေပေါ်မှာ အခွင့်ကောင်းယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ယခုလာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ မျက်နှာသစ်ကစားသမားအချို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Photo: sportskeeda
ကင်းစလေ ကိုမန်းဟာ လစာကိစ္စ အဆင်မပြေတာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ပြောဆိုဆွေးနွေးနေမှုကို ရပ်တန့်ထားပြီး ယူနိုက်တက်က အသက် ၂၄ နှစ်အရွယ် တောင်ပံကစားသမားလိုချင်တဲ့ လစာပမာဏကို အသင်းက ပေးချေဖို့ အဆင်သင့်ရှိတယ်လို့ အာမခံချက် ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းက ၎င်းတို့အနေနဲ့ ကိုမန်းကို ရောင်းထုတ်ဖို့ မလိုအပ်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပြီး ပြင်သစ်တောင်ပံကြယ်ပွင့်ဟာ ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးနဲ့ စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။
