အိမ်ထောင်ရေးဆိုတာက တကယ်တော့ အရမ်းကိုရှုပ်ထွေးနက်နဲလွန်းပါတယ်။ Relationship တစ်ခုရဲ့ အဆုံးသတ်ပန်းတိုင်ကလည်း လက်ထပ်ခြင်းမဟုတ်ပါဘူး။လက်ထပ်တယ်ဆိုတာက ဘဝမှာအရေးကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုချရတဲ့ အချိန်ဖြစ်ပြီး လက်ထပ်ပြီးမှသာ တကယ့်လက်တွေ့ဘဝက စတင်တာဖြစ်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်မှားယွင်းပြီး အချိန်လွန်မှ နောင်တရတာမျိုးမဖြစ်ရလေအောင် လက်ထပ်ဖို့မဆုံးဖြတ်ခင် ကိုယ့်ကိုယ်ကိုပြန်မေးသင့်တဲ့ မေးခွန်းလေးတွေကို မျှဝေပေးချင်ပါတယ်။

Couple photo shoot at the wedding day

Source : Freepik

လွတ်လပ်တဲ့ လူပျိုလူလွတ်ဘဝကို တကယ်ရောစွန့်လွှတ်နိုင်ပြီလားဆိုတာ ကိုယ့်ကိုယ့်ကိုပြန်သုံးသပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် အမျိုးသားတော်တော်များများက လက်ထပ်ပြီးမှ လူပျိုလူလွတ်ဘဝကို ပြန်လိုချင်တာမျိုးတွေ ၊ လူငယ်ဘဝကို ကောင်းကောင်းမဖြတ်သန်းလိုက်ရတာမျိုးတွေ စတဲ့ခံစားချက်တွေနဲ့ နောင်တရတတ်ကြပါတယ်။ထိုအခါ သင့်ရဲ့ အိမ်ထောင်ရေးက ပျော်ရွှင်ရမှာမဟုတ်သလို သင့် ဇနီးလောင်းအပေါ်မှာလည်း ဝမ်းနည်းစရာခံစားချက်တွေ ဖြစ်သွားပါလိမ့်မယ်။

ယောက္ခမနဲ့ ချွေးမပြဿနာတွေ ၊ ယောက်ကထီးနဲ့ သမက် ပြဿနာတွေက ကိုရီးယားဇာတ်ကားထဲမှာပဲ ရှိတာမဟုတ်ပါဘူး။ တကယ်လက်တွေ့ဘဝမှာလည်း ရုပ်ရှင်ထဲကထက်ပိုဆိုးတဲ့ အခြေအနေတွေအများကြီး ရှိကြပါတယ်။ အမျိုးသားတွေအနေနဲ့ တစ်ဖက်က ကိုယ့်ရဲ့ မွေးမိခင် ၊ တစ်ဖက်က ကိုယ်ချစ်လို့ ယူထားတဲ့မိန်းကလေး ဒီနှစ်ဦးကြား Balance ညီညီနေနိုင်မှ အဆင်ပြေမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ တစ်သက်လုံး စိတ်ဆင်းရဲစရာ အခြေအနေတွေနဲ့ပဲ ရင်ဆိုင်ရနိုင်ပါတယ်။

“တူနှစ်ကိုယ် တဲအိုပျက်ကလေးထဲမှာ ထမင်းရည်ပဲသောက်ရ သောက်ရ” ဆိုတဲ့ စကားပုံလေးကို ကြားဖူးမယ်ထင်ပါတယ်။ အချစ်တွေ မိုးမမြင်လေမမြင် ဖြစ်နေချိန်မှာတော့ ဒီစကားပုံလေးက နားထောင်လို့ကောင်းပေမယ့် အိမ်ထောင်သက်တမ်းကြာလာပြီး ငွေရေးကြေးရေးအကျပ်အတည်းနဲ့ ရင်ဆိုင်လာရချိန်မှာတော့ အချစ်ရဲ့ စကားပုံတွေကလည်း အသုံးဝင်တော့မှာမဟုတ်ပါဘူး။

အချိန်တိုင်းလည်း မိဘဆီကလက်ဖြန့်တောင်းနေလို့ ရတော့မှာမဟုတ်တဲ့အတွက် ကိုယ်တို့နှစ်ယောက်အတူတူရပ်တည်နိုင်မယ့် ပုံမှန်ဝင်ငွေရတဲ့အလုပ်တစ်ခု ၊ လောက်ငှတဲ့ ဝင်ငွေစီးကြောင်း တစ်ခုရှိရဲ့လားဆိုတာ သေချာစဉ်းစားသင့်ပါတယ်။

Wedding bands in the hands of bride and groom and with beautiful wedding bouquet made of greenery and white flowers

Source : Freepik

အသုံးအဆောင်ပစ္စည်းတွေလို ဝယ်ပြီးမှ လွှင့်ပစ်လို့မရသလို အလိုက်ပေးပြီး လဲလို့လည်းမရတော့ပါဘူး။ ဒါကြောင့် လက်မထပ်ခင်ကတည်းက တစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်းသိနေဖို့က အရမ်းအရေးကြီးပါတယ်။ ယနေ့ခေတ်လူငယ်အများစုက အခုတွေ့ အခုကြိုက် ၊ အချိန်တိုလေးအတွင်းမှာပဲ လက်ထပ်လိုက်နဲ့ နောက်မှကိုယ်လက်မခံနိုင်တဲ့အကြောင်းတွေသိပြီး ကွဲကြပြဲကြစတဲ့ အခြေအနေတွေ အများကြီးဖြစ်ပေါ်နေတာကြောင့် အရင်ဆုံးတစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်းသိဖို့ လေ့လာသင့်ပါတယ်။

မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ သူမကိုမြင်ချင်တယ်ဆိုတာ သေချာရဲ့လား။ သူမနဲ့ အချိန်တိုင်းအတူတူရှိနေရတာက အဓိပ္ပါယ်ရှိတဲ့နေ့စွဲလေးတွေလို့ သတ်မှတ်နိုင်ပြီလား။ သူမကို တကယ်ရော အိမ်ထောင်ဖက်တစ်ယောက်အနေနဲ့ ရွေးချယ်ပြီး တစ်သက်လုံးချစ်သွားဖို့ ခွန်အားတွေရှိနေပြီလား စသည့်ဖြင့် ကိုယ့်ကိုယ်ကို ပြန်မေးသင့်ပါတယ်။

ဒီလိုမဟုတ်ပဲ မရေမရာမသေမချာနဲ့ လက်ထပ်လိုက်မယ်ဆိုရင် အိမ်ထောင်သက်တမ်းကြာလာတာနဲ့အမျှ တစ်အိမ်ထဲမှာတောင် မျက်နှာချင်းမဆိုင်ချင်တဲ့သူတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့ အချိန်ဇယားမှာ သူမကအချိန်တိုင်း အတူတူရှိနေနိုင်ပြီလားဆိုတာ သေချာအောင်ပြန်မေးသင့်ပါတယ်။