ယနေ့ခေတ်လူတွေအတွက် စိတ်ဖိစီးစရာကိစ္စတွေက အရမ်းကိုများပြားလာပါတယ်။ စိတ်ဖိစီးခြင်းရဲ့ နောက်ကွယ်မှာ ကြောက်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာတွေနဲ့လည်း ဆက်စပ်နေတာကြောင့် အတတ်နိုင်ဆုံး စိတ်ဖိစီးမှုတွေကို ကိုယ့်ရဲ့နေ့စဉ်ဘဝထဲက မောင်းထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ စိတ်ဖိစီးမှုဒဏ်က လွတ်မြောက်နိုင်မယ့် နည်းလမ်းအသွယ်သွယ်ကို ဖော်ပြပေးလိုက်ပါတယ်။

Source : Freepik
ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာတစ်ခုထက်ပိုပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို တာဝန်မယူမိပါစေနဲ့။ ငြင်းပယ်သင့်ရင် ငြင်းပယ်ရဲတဲ့သတ္တိကို မွေးပါ။ မြန်မာလူမျိုးတော်တော် များများက အားနာတတ်တဲ့ စိတ်ကြောင့် တစ်ခါတစ်လေမှာ ကိုယ်မလုပ်နိုင်တဲ့အရာတွေကို လက်ခံလိုက်တာမျိုးရှိတတ်ကြပါတယ်။ မနိုင်ဝန်ထမ်းတာဟာ စိတ်ဖိစီးမှုတွေဖြစ်ပေါ်စေမယ့် အဓိကအချက်တစ်ခုဖြစ်တာကြောင့် အခြေအနေအချိန်အခါကို ကြည့်ပြီးငြင်းပယ်သင့်ရင် ငြင်းပယ်ရမှာဖြစ်ပါတယ်။
အဆိုးမြင်စိတ်ကလည်း သင့်ကိုစိတ်ဖိစီးမှုတွေ ဖြစ်ပေါ်လာစေမယ့် အချက်တစ်ခုဖြစ်ပါတယ်။ ဘဝမှာ အဆိုးနဲ့အကောင်းက တစ်လှည့်စီလာနေတတ်တာမလို့ အချိန်တိုင်းအဆိုးတွေကိုပဲ လက်ခံထားလို့မရပါဘူး။ ကိုယ် ပြုပြင်ပြောင်းလဲလို့ မရတဲ့အရာတွေအတွက်တော့ ကျေနပ်စွာပဲ လက်ခံပေးလိုက်တာဟာ အကောင်းဆုံးဖြေရှင်းနည်းတစ်မျိုးပါ။ အဆိုးဘက်က လိုက်ပြီး ခံစားနေမယ်ဆိုရင် သင်ကိုယ်တိုင်ပဲ တဖြေးဖြေးပြိုလဲသွားပါလိမ့်မယ်။ ဒါကြောင့် အဆိုးမြင်ဝါဒတွေကို တတ်နိုင်သလောက်လျော့ချတာဟာ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

Source : Freepik
နေ့စဉ်နဲ့အမျှ စိတ်ဖိစီးစရာအကြောင်းအရာတွေဟာ အချိန်အခါမရွေး ဝင်လာတတ်ကြပါတယ်။ ကိုယ့်ဘဝအတွက် ဘယ်လိုအရာတွေက အဆိပ်အတောက်ဖြစ်စေမလဲဆိုတာ ကိုယ်တိုင်ကောင်းကောင်းသိကြပါလိမ့်မယ်။ ဘယ်လိုအရာတွေက စိတ်ဖိစီးစေတယ် စိတ်ညစ်ညူးစေတယ် ဆိုတာကို ကိုယ်တိုင်ဆန်းစစ်လေ့လာပြီး အဲ့ဒီအရာတွေနဲ့ ဝေးနိုင်သလောက်ဝေးအောင်နေပါ။ ရှောင်နေရဲ့သားနဲ့ တည့်တည့်တိုးလာခဲ့သည်ရှိသော် စိတ်ကိုအကောင်းဆုံးပြင်ဆင်ပြီး ဖြေရှင်းဖို့ နည်းလမ်းရှာပါ။ စိတ်ညစ်တယ် စိတ်ဖိစီးတယ်ဆိုတဲ့နေရာမှာပဲ ရပ်မနေပါနဲ့။
