မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင်ကိန်းက ဂျက်ဂရီးလစ်ရှ်ဟာ စစ်မှန်တဲ့အရည်အသွေးရှိသူလို့ ပြောကြားခဲ့ပြီး ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဆင်တူတဲ့ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။
အက်စ်တွန်ဗီလာကြယ်ပွင့် ဂရီးလစ်ရှ်ဟာ အင်္ဂါနေ့က ယူရို ၂၀၂၀ အတွက် အင်္ဂလန်ရဲ့ လူစာရင်း ၂၆ ဦးထဲမှာ ပါဝင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ သြစတြီးယားကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲမှာ အထင်ကြီးဖွယ်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းရဲ့ နိုင်ပွဲအပြီးမှာ ရွိုင်ကိန်းက ဂရီးလစ်ရှ်ဟာ အလွန်ထူးချွန်တဲ့ကစားသမားလို့ ချီးကျူးခဲ့ပြီး ပေါ်တူဂီအတွက် ရော်နယ်ဒို စွမ်းဆောင်ပေးသလိုပဲ အင်္ဂလန်အတွက် တူညီတဲ့ အကျိုးသက်ရောက်မှုမျိုး ပြုလုပ်ပေးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

Photo: Sky Sports
ရော်နယ်ဒိုဟာ အိုးထရက်ဖို့ဒ်မှာ ကစားနေတဲ့ ကာလအတွင်း ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့သူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာ အလွန်အောင်မြင်တဲ့ကာလကို ပိုင်ဆိုင်ခဲ့ပြီးနောက် တသက်တာအကောင်းဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။
“သူက စစ်မှန်တဲ့အရည်အသွေးရှိတဲ့ ကစားသမားပါ။ ကျွန်တော် သူ ကစားတာ ကြည့်တဲ့အချိန်တိုင်း သူ ပွဲစဉ်ကို အကျိုးသက်ရောက်မှုရှိတယ်”

Photo: Mirror
“သူ့ကို ပွဲထွက် ၁၁ ယောက်ထဲက ထုတ်ဖို့ဆိုတာ အရမ်းခက်ခဲမယ်ဆိုတာ ကျွန်တော် သိခဲ့တယ်။ သူက အင်္ဂလန်အတွက် ကြယ်ပွင့်ကစားသမားဖြစ်လာနိုင်ပါတယ်။ သူက အရာအားလုံးကို တကယ်ဖြစ်လာအောင် လုပ်နိုင်ပါတယ်”
“သူ့မှာ ရဲစွမ်းသတ္တိရှိပြီး အမြဲတမ်း ကျဉ်းထဲကြပ်ထဲမှာ ဘောလုံးကို ရယူချင်တဲ့သူပါ။ ပေါ်တူဂီမှာ ရော်နယ်ဒို လုပ်သလိုမျိုးပဲ အဲဒီလို ကစားသမားမျိုးကို ခင်ဗျားရဲ့အသင်းမှာ လိုအပ်မှာပါ။ သူက ထူးချွန်တဲ့ကစားသမားပါ”လို့ ပြောကြားခဲ့ပါတယ်။
