အောင်မြင်ပြီး ချမ်းသာကြွယ်ဝဖို့ရန်အတွက် မိမိ ပရော်ဖက်ရှင်နယ် အသက်မွေးလမ်းကြောင်းနှင့် ပတ်သက်ပြီး မှန်ကန်ရဲရင့်တဲ့ ဆုံးဖြတ်ချများ ချမှတ်တတ်ရုံသာမကဘဲ ငွေကြေးပိုင်းနှင့်ပတ်သက်၍လည်း ရင်းနှီးမြှုပ်နှံ့တတ်ဖို့ ပိုက်ဆံများ ပွားများလာအောင် လုပ်ဆောင်တတ်ရပါမယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ငါးနှစ်ကြာလေ့လာထားတဲ့ သုတေသနလေ့လာချက်အရ ရာပေါင်းများစွာသော သန်းကြွယ်သူဌေးများ ကြီးပွားချမ်းသာလာရခြင်းသည် သူတို့ရဲ့နေ့စဉ်အမူအကျင့်နှင့်လည်း စပ်ဆိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။
ထိုစမ်းသပ်မှုကို လုပ်ဆောင်သူကတော့ Tom Corley လို့အမည်ရတဲ့ စာရင်းကိုင်နှင့် စီးပွားစီမံလုပ်ငန်းကို လုပ်ကိုက်သူပဲဖြစ်ပါတယ်။ ထိုသူသည် သန်းကြွယ်သူဌေးပေါင်း ၂၃၃ ယောက်ကို အင်တာဗျူး မေးမြန်းပြီးနောက်မှာတော့ တိကျတဲ့ အဖြေတစ်ခုကို ထုတ်နိုင်ခဲ့ပါတယ်။ ထို့နောက် သူသည် “Change Your Habits, Change Your Life” ဆိုသည့် စာအုပ်ကို ထုတ်ဝေခဲ့ပြီးနောက် ထိုစာအုပ်သည် ရောင်းရအကောင်းဆုံး စာအုပ်စာရင်းဝင်ခဲ့ပါတယ်။
ချမ်းသာကြွယ်ဝချင်တယ်ဆိုရင် ကိုယ့်ရဲ့နေ့စဉ်အမူအကျင့်များကို ပြောင်းလဲဖို့လိုအပ်ပါတယ်။
အိပ်ရာစောစောထပါ
သန်းကြွယ်သူဌေး ငါးဆယ်ရာခိုင်နှုန်းကျော်ခန့်သည် သူတို့ပုံမှန်အလုပ်လုပ်ရမယ့်အချိန်ထက် ၃ နာရီခန့် စောလျင်စွာ အိပ်ရာထလေ့ရှိပါတယ်။ ထိုအားလပ်ချိန် ၃ နာရီတွင် အားကစားပြုလုပ်ခြင်း (သို့) တစ်နေ့တာအတွက် အစီအစဉ်ရေးဆွဲခြင်းများ ပြုလုပ်လေ့ရှိကြပါတယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် မိမိဘဝကို ထိန်းချုပ်နိုင်ပြီး ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု တိုးလာစေပါတယ်။
စာများများဖတ်ပါ
ကမ္ဘာကျော် သန်းကြွယ်သူဌေးကြီး Warren Buffett က စာဖတ်ခြင်းအလေ့အကျင့်သည် ကြီးပွားချမ်းသာဖို့အတွက် အဓိကအကျဆုံးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တစ်ရက်လျှင် အနည်းဆုံး မိနစ် ၃၀ ခန့် စာတ်ခြင်းသည် ဗဟုသုတများ တိုးပွားလာစေတဲ့အပြင် မိမိရဲ့တိုးတက်မှုအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
တစ်ရက်ကို ၁၅ မိနစ်မှ မိနစ် ၃၀ ခန့်အထိ တစ်ယောက်တည်း သီးသန့်နေကာ ဝေဖန်စဉ်းစားသုံးသပ်ပါ
Tom Corley အင်တာဗျူးခဲ့တဲ့ သူဌေးအများစုသည် သူတို့ရဲ့ဘဝမှာ ဘာတွေဖြစ်ပျက်နေသလဲ တစ်နေ့တာလုံးမှာ ဘာတွေ လုပ်ဆောင်ပြီးခဲ့သလဲ။ သူတို့ရဲ့အလုပ်အကိုင်၊ ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အချစ်ရေး စသည်တို့အတွက် တစ်ယောက်တည်း စဉ်းစားကာ လိုအပ်ချက်များကို ဝေဖန်သုံးသပ်လေ့ရှိပါတယ်။ ထိုအချက်သည် စိတ်ဖိစီးမှုကို လျော့ချပေးဖို့လည်း ကူညီပေးပါတယ်။
လေ့ကျင့်ခန်းကို မပျက်မကွက်ပြုလုပ်ပါ
ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ခေါင်းကြည်စေပြီး စိတ်ရှင်းစေတဲ့အပြင် စိတ်လက်ရွှင်လန်း တက်ကြွစေတယ်လို့ လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။ Corley ရဲ့ပြောကြားချက်အရ ၇၆ ရာခိုင်နှုန်းသော အင်တာဗျူးခံရသူများသည် တစ်ရက်လျှင် မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း (သို့) စက်ဘီးစီးခြင်း (သို့) ပြေးခြင်း အစရှိတဲ့ လေ့ကျင့်ခန်းများကို ပြုလုပ်လေ့ရှိပါတယ်။
မိမိကို စိတ်ခွန်အား တက်ကြွစေသူများနှင့် အချိန်ကုန်ဆုံးပါ
Photo Source: TheResourceConnection.com
အောင်မြင်ချင်သူများသည် သူ့လိုပဲ ကြိုးစားချင်စိတ်ရှိသူများ၊ အောင်မြင်ချင်စိတ်ရှိသူများနှင့်သာ အတူတူအချိန်ကုန်ဆုံးသင့်ပါတယ်။ ဒါမှ မိမိရဲ့လုပ်ငန်းတိုးတက်ရာ တိုးတက်ကြောင်းအတွက် အကြံဉာဏ်ကောင်းများ ရရှိမှာဖြစ်ပါတယ်။ ထိုသို့မဟုတ်ဘဲ ပျင်းရိတတ်သူများနဲ့ မိတ်ဆွေဖွဲ့ရင် ပျင်းရိသူများနှင့် အချိန်ကုန်ဆုံးမှုများလာပါက သင်ကိုယ်တိုင်လည်း ပျင်းရိပျင်းတွဲဖြစ်လာပါလိမ့်မယ်။
အိပ်ရေးဝဝ အိပ်စက်ပါ
အိုင်းစတိုင်းသည် တစ်ညလျှင် အနည်းဆုံး ၁၀ နာရီခန့် အိပ်စက်အနားယူလေ့ရှိပါတယ်။ ၈၉ ရာခိုင်နှုန်းသော သန်းကြွယ်သူဌေးများသည်လည်း တစ်ညလျှင် ၇ နာရီ (သို့) ၈ နာရီခန့် အိပ်ရေးဝဝအိပ်စက်အနားယူလေ့ရှိပါတယ်။ အိပ်ရေးဝဝ အိပ်စက်ခြင်းကြောင့် မှတ်ဉာဏ်တိုးစေပြီး တီထွင်ကြံဆမှုလည်း ကောင်းမွန်လာစေပါတယ်။
Source: Cnbc.com