ခြံအလုပ်နဲ့ ဆောက်လုပ်ရေးလို အကြမ်းပတမ်းလုပ်ရတဲ့ အလုပ်တွေမှာ စီးစရာ ရွေးမယ်ဆိုရင် ရွေးစရာ သိပ်များများစားစားရှိမှာ မဟုတ်ပါဘူး။ လုပ်ငန်းခွင်လို နေရာမျိုးမှာ စီးဖို့ဆိုရင် Western Boots တွေက ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။
Western Boots တွေဟာ အကြမ်းခံတယ် ၊ တော်ရုံထိခိုက်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။ နောက်ပြီး ဒီဇိုင်းလည်း သပ်ရပ်မှုရှိတယ်ဆိုတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံလို့ ဖြစ်ပါတယ်။ တကယ်လို့ Western Boots တွေကို အလုပ်မှာ စီးဖို့ ဝယ်တော့မယ်ဆိုရင် အခုပြောမယ့် အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ ဝယ်ဖို့လည်း အကြံပေးချင်ပါတယ်။
Photo: getcowboyboots
များသောအားဖြင့် Western Boots တွေကို လယ်သာနဲ့ ထုတ်ထားကြတာ ဖြစ်လို့ ပြောစရာမလိုအောင် အကြမ်းခံကြပါတယ်။ ကိုယ့်အလုပ်က အပြင်ထွက်ပြီး လုပ်ရတဲ့ အလုပ်မျိုး နည်းနည်း အကြမ်းပတမ်း စီးဖို့ ဖိနပ်လိုတဲ့ နေရာမျိုးဆိုရင် နွားသားရေသားနဲ့ ချုပ်ထားတဲ့ လယ်သာမျိုးကို ရွေးတာ ပိုကောင်းပါတယ်။ နွားသားရေသားဟာ ပျက်စီးစုတ်ပြဲဖို့ ခက်ပြီး တာရှည်အစီးခံပါတယ်။ တချို့ Western Boots တွေမှာတော့ မိချောင်းသားရေ ၊ ဆင်သားရေ ၊ မြွေသားရေ နဲ့ ငှက်ကုလားအုတ်သားမျိုး ပိုဈေးကြီးတဲ့ သားရေသုံးတာလည်း ရှိပါတယ်။
နောက်တစ်ချက်က Western Boots တွေ ဝယ်မယ်ဆိုရင် ဒီဇိုင်းအနေနဲ့ ရိုးရှင်းပြီး ချုပ်သားတွေ သိပ်မမြင်ရတဲ့ ဒီဇိုင်းမျိုးက အလုပ်နဲ့ ပိုသင့်လျော်ပါတယ်။ တချို့လည်း မျက်စိထဲ အမြင်ဆန်းစေမယ့် Patterns ဒီဇိုင်းတွေ ၊ ကာလာနှစ်မျိုးစပ် Contrast Colored ဒီဇိုင်းတွေ ရွေးကြပါတယ်။ အကောင်းဆုံးက လယ်သာညိုရောင် Unique Color ရွေးတာ ပိုပြီး အဆင်ပြေပါတယ်။
ဖိနပ်ဆိုဒ်အမှန်သိဖို့အတွက် ကိုယ်တိုင် စီးကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ ကိုယ့်ခြေချောင်းတွေအတွက် သက်တောင့်သက်သာ ရှိစေမယ့်ဖိနပ်ဟုတ်မဟုတ်သိဖို့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းက ကိုယ်တိုင်စီးကြည့်တာပါပဲ။ အလုပ်စီးဖိနပ်တစ်ရံမှာ Comfort ဖြစ်ဖို့က အရေးကြီးဆုံး အချက်တစ်အချက်ပဲ ဖြစ်ပါတယ်။ ဖိနပ်ဆိုဒ်နဲ့ ကိုယ့်ခြေထောက်နဲ့ အဆင်ပြေသလား စီးကြည့်ပါ။ ဖဝါးဗြက်ကျယ်တဲ့သူဟာ ထိပ်ဦးအဝိုင်း Rounded ဖြစ်တာကို ရွေးတာက ခြေချောင်းနေရာပိုရစေနိုင်ပါတယ်။
Western Boots အများစုဟာ ပုံမှန်အားဖြင့် ခြေချောင်းအိမ် Toe Box ကြီးပါတယ်။ အထဲမှာ ခြေကုပ်ကောင်းအောင် ရာဘာအောက်ခံပြားတွေနဲ့ လာပါတယ်။ ဖိနပ်ဒေါက်တွေကလည်း သိပ်အမြင့်ကြီး မဟုတ်ပါဘူး။ တကယ်လို့ တစ်နေကုန် တစ်မတ်တပ်တပ် ရပ်ပြီး သွားလာ လုပ်ကိုင်နေရတယ်ဆိုရင်တော့ ဒေါက်တိုတို ဗြက်ကျယ်ကျယ်ဒီဇိုင်းတွေက ပိုပြီး စီးလို့ သက်တောင့်သက်သာ ရှိစေပါတယ်။
Photo: Gear Patrol
Western Boots တွေနဲ့ တွဲဝတ်နိုင်မယ့် ဖက်ရှင်တွေက အမျိုးစုံပါတယ်။ လုပ်ငန်းခွင်မှာ စီးမယ်ဆိုရင် များသောအားဖြင့် Jeans ဘောင်းဘီနဲ့ တွဲဖက်ကြပါတယ်။ အရောင်အနေနဲ့ Dark Colors တွေက ပိုပြီး အဆင်ပြေပါတယ်။ Western Boots နဲ့ တွဲဝတ်ရတာ အဆင်ပြေတဲ့ ဘောင်းဘီမျိုးက ဖိနပ်အတွက် နေရာချန်တဲ့ Boot-Cut Style မျိုးက ပိုကောင်းပါတယ်။ တခြား Dress Pant တွေ ၊ Casual Suits တွေနဲ့လည်း Western Boots ကို တွဲဝတ်နိုင်ပါတယ်။အရေးကြီးတာက Western Boot နဲ့ တွဲဝတ်မယ့် ဘောင်းဘီအောက်အနားက Boot လည်ရစ်နဲ့ အဆင်ပြေစေဖို့ပါပဲ။