လူသားများ၏ဆံကေသာသည် ပုံမှန်အားဖြင့် တစ်ရက်လျှင် အပင် ၅၀ မှ ၁၀၀ အကြား ကျွတ်လေ့ရှိပါတယ်။ တကယ်လို့ သင့်ဆံကေသာက ပုံမှန်ထက်ပိုပြီး အလွန်အမင်း ကျွတ်နေမယ်ဆိုရင်တော့ စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်သလို အာဟာရဓာတ်များ ချို့တဲ့သောကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ စိတ်မညစ်လိုက်ပါနဲ့။ သင့်ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး ဆံကေသာပြန်လည်သန်စွမ်းစေမယ့် နည်းလမ်းကောင်းအချို့ ဝေမျှပေးလိုက်ရပါတယ်။
ဆီဖြင့် ဦးရေပြားကို နှိပ်နယ်ပါ

သင့်ဆံပင်ကို အုန်းဆီ၊ သံလွင်ဆီ စသည့် သဘာဝဆီများဖြင့် လိမ်းကျံကာ ဦးရေပြားကို နှိပ်နယ်ပေးခြင်းသည် ဆံပင်ကျွတ်ခြင်းကို တားဆီးနိုင်ပါတယ်။ အုန်းဆီကို အနည်းငယ် အပူပေးပြီးမှ လိမ်းကျံကာ နှိပ်နယ်ပေးလို့လည်း ရပါတယ်။ ဦးရေပြားကို စက်ဝိုင်းပုံသဏ္ဍာန် မိနစ် ၂၀ ခန့် နှိပ်နယ်ပေးရပါမယ် အနည်းဆုံး တစ်ပတ်လျှင် နှစ်ကြိမ်တော့ ပြုလုပ်သင့်ပါတယ်။
Green Tea နှင့် ကြက်ဥ အသုံးပြုပါ

လတ်လတ်ဆတ်ဆတ် နှပ်ထားတဲ့ Green Tea စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကို ကြက်ဥအနှစ် ၁ လုံး (သို့) ၂ လုံး ဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့ Green Tea ကြက်ဥအရောအနှောကို ဆံကေသာအရင်းကနေ အဖျားအထိ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ ခေါင်းလျှော်ပေးရပါမယ်။ ဒါဆိုရင်တော့ သင့်ရဲ့ဆံကေသာက အရင်းကနေ အဖျားအထိ ပြန်လည်သန်စွမ်းလာပါလိမ့်မယ်။
ကြက်သွန်နီဖြင့် ပေါင်းတင်ပါ

Photo Source: Azizatihealthandbeauty.com
ကြက်သွန်နီအရည်သည် ဆံပင်ကျွတ်သူများ၊ ထိပ်ပြောင်သူများအတွက် ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ကြက်သွန်နီကို အရည်ရလာအောင် ပြုလုပ်ပြီးတဲ့နောက်မှာ ဝါဂွမ်းဖြင့် အနည်းငယ် တို့ယူပြီးနောက် ဦးရေပြားပေါ်တွင် တို့ပေးလိုက်ပါ။ မိနစ် ၂၀၊ မိနစ် ၃၀ ကြာမှ ခေါင်းလျှော်လိုက်ပါ။
ရှားစောင်းလက်ပတ် အသုံးပြုပါ

ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၁ ဇွန်းကို အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဦးရေပြားပေါ် သုတ်လိမ်းကာ နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာမှ ခေါင်းလျှော်ချလိုက်ပါ။
Source: Stylecraze.com
