ဝိုင်ကောင်းကောင်းရွေးချယ်တဲ့ Skill ကလည်း ပညာရပ်တစ်ခုပါပဲ။ ဝိုင်အရသာခံတတ်တာကို တချို့ ဝိုင်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးကြတဲ့ နိုင်ငံတွေမှာဆို အနုပညာတစ်ရပ်လို ခံစားလေ့ ရှိကြပါတယ်။ တကယ်လည်း ဝိုင်သောက်တယ်ဆိုတာ အရသာခံမှုတစ်ခုပါပဲ။
ဝိုင်သောက်တဲ့သူတွေမှာ ကိုယ့်အကြိုက်နဲ့ကိုယ် ဆိုသလို စပ်ရှရှ Spicy အရသာ ကြိုက်တဲ့သူ ရှိသလို ချိုပြင်းပြင်း သင်းတာကိုလည်း ကြိုက်တဲ့သူတွေ ရှိကြပါတယ်။ တချို့လည်း ချဉ်ဖြုံးဖြုံးနဲ့ အရသာမျိုးကို ပိုမက်မောကြပါတယ်။ ဘယ်အရသာပဲ ကြိုက်ကြိုက် ဝိုင်ကောင်းတစ်ခွက်မှာ အခုပြောမယ့် အရသာလေးတွေကတော့ မပါမဖြစ် ပါတတ်ပါတယ်။
(၁) ချိုမြိန်ခြင်း

Photo: careeraddict
ဝိုင်တွေကို လေဘယ်တပ်တဲ့အခါ အချို (Sweet) ချိုပေါ့ (Semi-Sweet) နဲ့ အချိုဓါတ်မပါတဲ့ Dry Wine ဆိုပြီး ခွဲထားတာ တွေ့ရတတ်ပါတယ်။ အချိုဓါတ် ၁ % အောက်ဝိုင်ဆို Dry Wine လို့ သတ်မှတ်ပြီး ၃% နဲ့ အထက်ကို Semi-Sweet ၊ ၅% နဲ့ အထက်ဆို အချိုပြင်းလို့ ခွဲထားပါတယ်။ အချိုပွဲအတွက် ထားတဲ့ဝိုင်တွေဟာ အချိုဓါတ် ၇ ကနေ ၉% အထိ ရှိတတ်ပါတယ်။ ဝိုင်မှာ အချိုဓါတ် ၁ % ဆိုတာ သဘာဝစပျစ်က ရတဲ့သကြားဓါတ် ၁၀ g/l (gram per liter) ကို ပြောတာ ဖြစ်ပါတယ်။
(၂) အချဉ်ဓါတ်

Photo: symrise
ဝိုင်တွေမှာ အက်ဆစ်ဓါတ်မြင့်ရင် ပိုချဉ်တင်တင် ရှိပြီး အက်ဆစ်ဓါတ်နည်းရင် မချိုမချဉ်နဲ့ သောက်လို့ ပိုအဆင်ပြေပါတယ်။ ဝိုင်တွေအားလုံးဟာ အက်ဆစ်ဓါတ် pH လယ်ဗယ်ပေါ် အခြေခံပြီး ထုတ်လုပ်တာပါ။ အတွေ့အများဆုံးက pH 2.5 ကနေ pH 4.5 အကြား ဖြစ်ပါတယ်။ ဝိုင်အဖြူနဲ့ အနီမှာ ဝိုင်ဖြူက အက်ဆစ်ဓါတ် pH Level ပိုမြင့်ပြီး ၃.၁ ကနေ ၃.၄ အတွင်း ရှိတတ်ပါတယ်။
(၃) ဖန်ခါး

Photo: vinepair
စပျစ်သီးရဲ့ အခွံထဲက ဆိုးဆေးထုတ်တဲ့ ဖီနိုးလစ်ဒြပ်ပေါင်းကို Tannins လို့ ခေါ်ပါတယ်။ ဝိုင်ထုတ်တာ ၊ နှစ်ချို့သက်တမ်းခံတာတွေမှာ Tannins တွေက သဘာဝအတိုင်း ပါရှိပါတယ်။ ဒါကြောင့် ဝိုင်ကို အရသာခံကြည့်ရင် ခါးသက်သက် ခံစားရတာပါ။ Tannins တွေဟာ အချိုဓါတ်ခမ်းတဲ့ ခံစားချက်ပေးတတ်ပါတယ်။ ဝိုင်နီထုတ်တဲ့ နေရာမှာဆို Tannins လို့ ခေါ်တဲ့ ဆိုးဆေးတွေ ပိုထည့်တာကြောင့် ပိုပြီး ခါးတတ်တဲ့အပြင် Dry ဆန်တဲ့ ခံစားမှု ရပါတယ်။
(၄) အလေးအပေါ့

Photo: cntraveler
ဝိုင်တွေကို သူ့အမျိုးအစားနဲ့သူ ခွဲရာမှာ လေးလေးပင်ပင်ရှိသလား ၊ ပေါ့ရွှတ်ရွှတ်လားဆိုတာကို Light Body / Full Body ဆိုပြီး ခွဲတတ်ပါတယ်။ သောက်ကြည့်လို့ လေးလေးပင်ပင် အရသာမျိုးကို Full Body ဖြစ်တယ်လို့ ပြောကြပါတယ်။ ဝိုင်အနီတွေဟာ အဖြူထက် Full ပိုဆန်ပါတယ်။ အအေးပိုင်းမှာ စိုက်တဲ့ စပျစ်ထက် အပူပိုင်းမှာ စိုက်တဲ့စပျစ်ကနေ ထုတ်တဲ့ ဝိုင်တွေမှာလည်း ဒီအတိုင်းပါပဲ။
(၅) အယ်လ်ကိုဟော

Photo: decanter
ယမကာတွေမှာ အယ်လ်ကိုဟောပါဝင်မှုကို ABV – Alcohol by Volume နဲ့ တိုင်းပါတယ်။ ဝိုင်အများစုမှာ အယ်လ်ကိုဟော ၁၁ ကနေ ၁၃ ရာခိုင်နှုန်း ပါပြီး တချို့လည်း ၅.၅ % ကနေ ၂၀% အထိ ပါတဲ့ ဝိုင်တွေလည်း ရှိပါတယ်။ ဝိုင်မှာ အယ်လ်ကိုဟော ပါဝင်မှု များလေလေ လည်ချောင်းနဲ့ ပါးစပ်အနောက်ပိုင်းကို ပိုပြီး ပူဆင်းလေလေပါပဲ။
