စူပါကွန်ပျူတာမှာ ယူရို ၂၀၂၀ ပြိုင်ပွဲကို အလိုအလျောက်ကစားစေခဲ့ပြီး အဆုံးသတ်ရလဒ်ကတော့ မမျှော်လင့်ထားတဲ့အသင်းက အနိုင်ရရှိခဲ့ပေမယ့် အင်္ဂလန်ကတော့ ဆီမီးဖိုင်နယ်မှာ နောက်ထပ်တစ်ကြိမ် အသည်းကွဲရလိမ့်မယ်လို့ ဟောကိန်းထုတ်ခြင်း ခံခဲ့ရပါတယ်။

အင်္ဂလန်အသင်းဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်း ဘယ်ပြိုင်ပွဲမှာမှ ဆီမီးဖိုင်နယ်အဆင့်ကို မဖြတ်ကျော်နိုင်ခဲ့တာဖြစ်ပြီး ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနောက်ဂျာမနီကို ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့သလို၊ ယူရို ၉၆ မှာ ဂျာမနီ၊ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ဂါးရတ်ဆောက်ဂိတ်ရဲ့အသင်းအတွက်တော့ သိပ်တော့ အံ့အားသင့်စရာမဟုတ်ဘူးလို့ ဆိုကောင်းဆိုရမှာဖြစ်ပြီး စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအတွက် အချက်အလက်တွေကို Sportrada က ဘောလုံးအထူးကျွမ်းကျင်သူတွေက ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။

Super Computer predicts Euro 2020 winner

Photo: talksport

ဒါပေမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နောက်ဆုံး အနိုင်ရရှိသွားခဲ့တဲ့အသင်းကတော့ လုံးဝကို အံ့အားသင့်တုန်လှုပ်ဖွယ်ဖြစ်ခဲ့ပြီး ဉာဏ်ရည်တုကစားပွဲမှာ အင်္ဂလန်ကို အုပ်စုအဆင့်မှာ ရှုံးနိမ့်ခဲ့တဲ့ ချက်အသင်းက ယခုနွေရာသီ ယူရိုပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲသွားလိမ့်မယ်လို့ အဖြေထွက်ခဲ့ကြောင်း The Mirror က ဖော်ပြခဲ့ပါတယ်။ ယူရိုပြိုင်ပွဲဟာ အတိတ်မှာတုန်းကလည်း အံ့အားသင့်စရာ ချန်ပီယံတွေကို မွေးထုတ်ပေးခဲ့ဖူးပြီး ၁၉၉၂ ခုနှစ်မှာ ဒိန်းမတ်၊ ၂၀၀၄ ခုနှစ်မှာ ဂရိတို့က အင်အားကြီးအသင်းတွေကို အံ့အားသင့်ဖွယ် အနိုင်ယူကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၁၉၉၆ ခုနှစ်မှာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ ချက်အသင်း ဗိုလ်စွဲမယ်ဆိုတာကတော့ ကြီးမားတဲ့ အံ့အားသင့်စရာဖြစ်နေဆဲဖြစ်ပါတယ်။ ယခုရာသီ ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းအသင်းနဲ့အတူ ခြေစွမ်းပြသခဲ့တဲ့ ဗလာဒီမာ ကူဖယ်၊ တောမက်စ် ဆူဆက်တို့က ချက်အသင်းကို ၎င်းတို့ရဲ့ အကောင်းဆုံးပုံစံနဲ့ ယူရိုပြိုင်ပွဲမှာ သယ်ဆောင်ပေးသွားနိုင်မယ်လို့ စူပါကွန်ပျူတာ အချက်အလက်တွေက ပြသခဲ့ပြီး ဝက်စ်ဟမ်းအသင်းကို အဆင့် ၆ နေရာမှာ ရာသီပြီးဆုံးနိုင်အောင် ကူညီပေးခဲ့တာထက် ပိုပြီးတော့တောင် အံ့အားသင့်ဖွယ် ခြေစွမ်းပြသလိမ့်မယ်လို့ သိရပါတယ်။

A simulation of Euro 2020 has been played out on a supercomputer

Photo: talksport

ဉာဏ်ရည်တုကစားပွဲမှာ အင်္ဂလန်အသင်းက အုပ်စုပွဲစဉ်တွေဖြစ်တဲ့ ခရိုအေးရှားကို ၅-၂၊ စကော့တလန်ကို ၁-ဝ၊ ချက်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စု F ရဲ့ အုပ်စုဒုတိယဖြစ်တဲ့ ပြင်သစ်နဲ့ ၁၆ သင်းရှုံးထွက်အဆင့်မှာ တွေ့ဆုံခဲ့ပုံပေါ်ပြီး အင်္ဂလန်က ၃-၁ နဲ့ ထပ်မံအနိုင်ရရှိသွားတယ်လို့ စူပါကွန်ပျူတာက အဖြေပေးခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နဲ့ပွဲအပြီးမှာတော့ ကွာတားဖိုင်နယ်အဆင့်မှာ အင်္ဂလန်အသင်းက ပိုလန်ကို ၃-၂ နဲ့ အနိုင်ယူပြီး ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ခရိုအေးရှားလိုပဲ မထင်မှတ်ထားတဲ့ ဒိန်းမတ်က ဆီမီးဖိုင်နယ်အဆင့်မှာ အင်္ဂလန်ကို ပြိုင်ပွဲကနေ ထွက်ခွာစေမှာဖြစ်ပါတယ်။

နောက်ဆုံးရလဒ်ကတော့ ချက်နဲ့ ဒိန်းမတ်တို့ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပြီး ချက်အသင်းက ဝင်ဘလေကွင်းမှာ ၃-၂ နဲ့ အနိုင်ရရှိသွားမယ်လို့ စူပါကွန်ပျူတာက ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။