ဝါသနာဆိုတာ အပျင်းပြေစေရုံလောက်တင် အကျိုးပြုတာမျိုး မဟုတ်ပါဘူး။ တချို့ ဝါသနာတွေက လူတစ်ယောက်ကို ချမ်းသာပေါက်မြောက် အထက်တန်းရောက်စေတဲ့အထိ အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ COVID-19 ကြောင့် လူအများစု အိမ်မှာနေရင်း အလုပ်လုပ်နေရချိန်မှာ အိမ်နေရင်း တစ်ဖက်တစ်လမ်းကနေ ကိုယ့်အတွက် ပိုက်ဆံရှာပေးနိုင်တဲ့ ဝါသနာလေးတွေ ရှိတာ ကောင်းပါတယ်။ တကယ်လို့ သင့်မှာ အခုပြောမယ့် ဝါသနာလေးတွေ ရှိနေရင် အိမ်မှာနေရင်း အပိုဝင်ငွေရှာနိုင်တော့မှာပါ။ ကဲ ဘယ်လို ဝါသနာလေးတွေက ကိုယ့်အတွက် အပိုငွေရှာပေးနိုင်သလဲ ကြည့်လိုက်ရအောင်ပါ။
(၁) အလွတ်တန်း အွန်လိုင်းပေါ်က စာရေးခြင်း
Photo: Freepik
Freelance အလုပ်တွေဆိုတာ အိမ်မှာ နေရင်း အေးအေးဆေးဆေး လုပ်လို့ ရတဲ့အလုပ်တွေပါ။ Freelance အလုပ်အမျိုးအစားတွေကလည်း အများကြီးပါပဲ။ ဒီထဲမှာ ဘလော့ဂ်ရေးတာ ၊ ဆောင်းပါးရေးတာ ၊ သတင်းရေးတာ နဲ့ Copywriting လိုမျိုး Writing Services တွေလည်း ပါဝင်ပါတယ်။
စာရေးရတာ ဝါသနာပါသူတစ်ယောက်အတွက် ကိုယ့်ဝါသနာနဲ့ ပိုက်ဆံရှာလို့ရပါတယ်။ အခုခေတ်မှာ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေ ၊ ဘလော့ဂ်နဲ့ Page တွေက စာအရေးအသား ကျွမ်းကျင်ပြီး စိတ်ဝင်စားအောင် ရေးနိုင်တဲ့သူတွေကို အလွတ်တန်းငှားနေကြပါတယ်။ ဒါကြောင့် စာအရေးအသားကောင်းတယ် ၊ ဝါသနာလည်း ပါတယ်ဆိုရင် Freelance Writing အနေနဲ့ ရပ်တည်ပြီး ငွေရှာနိုင်ပါတယ်။
(၂) ဒီဇိုင်း
Photo: Freepik
ဒီဇိုင်းပညာရပ်ကလည်း နယ်ကျယ်ပါတယ်။ ကြော်ငြာဒီဇိုင်း ၊ ဂရပ်ဖစ်ဒီဇိုင်း ၊ လိုဂိုဒီဇိုင်း ၊ အဆောက်အဦဒီဇိုင်း ၊ အထည်အလိပ်ဒီဇိုင်းကနေ Industrial Design လို့ ခေါ်တဲ့ စက်မှုပုံစံဒီဇိုင်းတွေအထိ ပါပါတယ်။ ဒီဇိုင်းပိုင်း ဝါသနာပါရင်လည်း အပိုဝင်ငွေရှာရ လွယ်ပါတယ်။ အခုလို ဒီဂျစ်တယ်ခေတ်မှာ အွန်လိုင်းပေါ်ကနေ ကိုယ့်ဂရပ်ဖစ်ဒီဇိုင်းလေးတွေ နဲ့ Illustration တွေကို တင်ရောင်းလို့ ရပါတယ်။
(၃) လက်မှုပစ္စည်း
Photo: Freepik
ကိုယ်တိုင် လက်ဖြစ်ပစ္စည်းလေးတွေ ဖန်တီးရတာ ဝါသနာပါသူတွေအတွက်လည်း ငွေရှာရမခက်ပါဘူး။ အခုခေတ်မှာ ကိုယ့်ရဲ့ DIY ဗွီဒီယိုတွေ Facebook ၊ Youtube ၊ Instagram တွေပေါ် တင်ရုံနဲ့တင် အပိုဝင်ငွေရနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ကိုယ်လုပ်ထားတဲ့ ပစ္စည်းလေးတွေကိုလည်း ကိုယ်ပိုင် Page ထောင်ပြီး ပြန်ရောင်းလို့ ရပါတယ်။ လက်ဖြစ်ပစ္စည်းဆိုရာမှာ နားကတ်လေးတွေ ၊ အမှတ်တရပစ္စည်းလေးတွေ ၊ ကီးချိန်းလေးတွေ ၊ ဆပ်ပြာ ၊ ဖယောင်းတိုင်ကနေ မီးအိမ်လေးတွေအထိ ကိုယ်စိတ်ကူးရှိရင် ရှိသလို ဖန်တီးလို့ ရတဲ့ Hand-Made လေးတွေကို ပြောတာ ဖြစ်ပါတယ်။
(၄) ဂိမ်းကစားရင်း Streaming လွှင့်ခြင်း
Photo: Freepik
အခုခေတ်မှာ လူငယ်တိုင်းလိုလို Video Game ကစားရတာ ဝါသနာကြီးကြပါတယ်။ ဂိမ်းကစားရင်း ပိုက်ဆံရှာနိုင်တယ်ဆိုတာတော့ အတော်များများ သိကြပါတယ်။ Esports ဂိမ်းတွေ ကစားရင်း ကိုယ်ကစားတာကို Twitch ၊ Youtube Gaming ၊ Facebook Gaming ပလက်ဖောင်းတွေလို Streaming Apps တွေကနေ လွှင့်တင်လို့ ရပါတယ်။ အဲ့ဒီအလုပ်ကလည်း ဖုန်းတစ်လုံးနဲ့ ကင်မရာတစ်လုံး ရှိရုံနဲ့ ဖြစ်တဲ့ အလုပ်ပါ။
ဒီဘက်ခေတ်မှာ PUBG ၊ Mobile Legends ၊ League of Legends စတဲ့ ဂိမ်းတွေ ကစားတာကို အွန်လိုင်းကနေ Live ကြည့်ကြတဲ့သူတွေ သန်းပေါင်းများစွာ ရှိကြပါတယ်။ အွန်လိုင်းမှာ ဂိမ်းကစားရင်း Streamer လုပ်တဲ့အလုပ်ကလည်း ဒီဘက်ခေတ်မှာ အခွင့်အလမ်းသိပ်များတဲ့ အလုပ်ဖြစ်လာပါပြီ။ ကိုယ့်ကိုယ်ကိုယ် Personality ကောင်းအောင်နဲ့ ကိုယ့်ဝါသနာကို ယုံယုံကြည်ကြည် အကောင်အထည်ဖော်ဖို့ပဲ လိုပါတယ်။