ဟောလီးဝုဒ်ရုပ်ရှင်လောကမှာ Star ဖြစ်ဖို့ဆို ရုပ်ချောရုံ သရုပ်ဆောင်ကောင်းရုံနဲ့ ရတဲ့ကိစ္စမဟုတ်ပါဘူး။ ကမ္ဘာပေါ်က အတော်ဆုံးရုပ်ရှင်မင်းသား မင်းသမီးတွေ နေတဲ့လောကထဲမှာ နာမည်တစ်လုံးရလာဖို့ ကိုယ်တိုင် စိတ်ကူးမယဉ်ဖူးတဲ့အလုပ်မျိုးတွေပါ လုပ်သင့်ရင် လုပ်ရတာပါပဲ။
ဒီထဲမှာ ပုံမှန်ကိုယ်လုံးကိုယ်ပေါက်ကနေ အရိုးပေါ်အရေတင်ပုံပေါက်အောင် ဝိတ်ချတာကနေ ကာယဗလမောင်တစ်ယောက်လို ကြွက်သားအပြိုင်းပြိုင်းတက်လာအောင်လည်း လုပ်ရတာတွေ ရှိပါတယ်။ ဒီတစ်ခေါက်မှာ ဟောလီးဝုဒ်ရုပ်ရှင်လောကသားတွေထဲက ရုပ်ရှင်ဇာတ်ကားတစ်ကားအတွက် မယုံနိုင်လောက်အောင် Body Transformation လုပ်သွားတဲ့ မင်းသားတွေအကြောင်း ပြောပြပေးချင်ပါတယ်။
(၁) ခရစ္စပရတ်
Photo: metroweekly
ဟောလီးဝုဒ်မင်းသားတွေထဲမှာ ခရစ္စပရတ်ဆိုရင် သိပ်ပြီး ဘော်ဒီတောင့်တဲ့ မင်းသားထဲမှာ မပါဘူးလို့ ပြောလို့ ရပါတယ်။ သူသရုပ်ဆောင်ခဲ့တဲ့ Jurassic World ရုပ်ရှင်ကားတွေမှာဆို သူ့ဘော်ဒီက သိပ်ပြောပလောက်အောင် Fit ဖြစ်မနေပါဘူး။ ဒါပေမယ့်လည်း Guardians of The Galaxy ကားထဲက ပီတာကွီးလ်ဇာတ်ရုပ်အတွက် သရုပ်ဆောင်ချိန်မှာ သူဟာ Six Pack နဲ့ ရင်အုပ်ကြွက်သားတောင့်တောင့် Super Fit ဖြစ်အောင် လေ့ကျင့်ခဲ့ပါတယ်။
လိုချင်တဲ့ Body ပုံစံရဖို့ Gym မှာ ပြင်းပြင်းထန်ထန်ကစားခဲ့ပြီး အစားအသောက်လည်း ပြောင်းခဲ့တယ်လို့ ဆိုပါတယ်။ “ကျွန်တော် ၆ ပတ်အတွင်း ၃၅ ပေါင်လောက် ကျအောင် ချခဲ့တယ်။ တစ်ရက်ကို ၅ မိုင် ၆ မိုင်ပြေးတယ်။ စားတော့လည်း အစိမ်းရောင် အသီးအရွက်သုတ်နဲ့ ပရိုတိန်းရှိတ်ခ်ပဲ။ အရက်လည်း မသောက်ဘဲ ဖြတ်ထားရတယ်” လို့ နောက်ပိုင်းမှာ ပြန်ပြောပြပါတယ်။
(၂) ခရစ္စရှန် ဘေးလ်
Photo: IndieWire
ခရစ္စရှန်ဘေးလ်ကလည်း ရုပ်ရှင်ဇာတ်ရုပ်အတွက် ကိုယ်ခန္ဓာပုံစံ အကြီးအကျယ်ပြောင်းရာမှာ စိမ်းမနေတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ သရုပ်ဆောင် သက်တမ်းတစ်လျှောက်မှာ ဝိတ်လည်း အကြီးအကျယ်ချဖူးသလို ဝိတ်တွေ တက်လာအောင်လည်း လုပ်ယူခဲ့ရပြီး Gym Trainer တစ်ယောက်လို ကိုယ်လုံးကိုယ်ပေါက်လှအောင်လည်း လေ့ကျင့်ခဲ့သူ ဖြစ်ပါတယ်။
ဘေးလ်ရဲ့ မယုံနိုင်စရာကောင်းလောက်အောင် Body Transformation လုပ်ခဲ့တဲ့ ရုပ်ရှင်က ၂၀၀၅ မှာ ထွက်ခဲ့တဲ့ The Machinist ကားဖြစ်ပြီး နဂို ပေါင် ၁၇၃ ကနေ ပေါင် ၁၁၀ ဖြစ်အောင် ဝိတ်ချခဲ့ရတာပါ။ တစ်ရက်မှာ ပန်းသီးတစ်လုံးနဲ့ တူနာငါးတစ်ဗူးပဲ စားပြီး သောက်စရာဆိုလို့ ကော်ဖီနဲ့ ရေလောက်ပဲ သောက်ပြီး ဝိတ်ချခဲ့တာ ဖြစ်ပါတယ်။ အဲ့သလိုပြောလို့ ဝိတ်ကျအောင် သူ့လိုမျိုး စားရမယ်လို့ ဆရာဝန်တွေက ထောက်ခံချက်ပေးမထားပါဘူး။
(၃) ခရစ္စဟမ်းဝေါ့သ်
Photo: People
In The Heart of The Sea ဆိုတဲ့ ဝေလငါးဖမ်းတဲ့ ရုပ်ရှင်အတွက် ဟမ်းစ်ဝေါ့သ်ဟာ ပေါင် ၃၀ ဝိတ်ချခဲ့ပြီး Avengers: Age of Ultron မှာ Thor ဇာတ်ရုပ်အတွက် အမိုက်စားဘော်ဒီဖြစ်အောင် ပြန်ပြီး လေ့ကျင့်ယူခဲ့ရပါတယ်။ ဟမ်းစ်ဝေါ့ရဲ့ Diet ထဲမှာ ငါးနဲ့ ကြက်သား အများအပြား ပါခဲ့ပြီး Muscle တက်လာဖို့ နေ့တိုင်း ပရိုတိန်း Smoothies တွေ သောက်တယ်လို့ ဆိုပါတယ်။ ဝိတ်မရာမှာလည်း Slow Tempo နှုန်းနဲ့ မပြီး ဝိတ်တင်ခဲ့တာပါ။
(၄) ရိုင်ယန် ရေးနိုးစ်
Photo: Mandatory
၂၀၀၄ ခုနှစ်က ထွက်ခဲ့တဲ့ Blade: Trinity ကားမှာ ရေးနိုးစ်ဟာ ကြွက်သား ၂၅ ပေါင်တက်ဖို့ အစားအသောက် ဂရုစိုက်ခဲ့သလို Gym မှာ စခန်းသွင်း လေ့ကျင့်မှုတွေလည်း လုပ်ခဲ့ပါတယ်။ တစ်ပတ် ၆ ရက်နှုန်းနဲ့ တစ်နေ့ ကယ်လိုရီ ၃၂၀၀ စားပြီး ၃ လအကြာမှာ သူလိုချင်တဲ့ ပေါင် ၂၅ တက်လာခဲ့ပါတယ်။ ဝိတ်တက်ဖို့ လုပ်နေတုန်းက တွေ့ကရာစားလိုက်တာပဲလို့ ရေးနိုးစ်က ပြောပါတယ်။
(၅) ဂျိတ်ခ် ဂိုင်လန်ဟေးလ်
Photo: NY Post
ဂိုင်လန်ဟေးလ်ဟာ နာမည်ကြီး Boxing ကားဖြစ်တဲ့ Southpaw မှာ လက်ဝှေ့သမားတစ်ယောက်အဖြစ် သရုပ်ဆောင်ဖို့ ပေါင်ချိန် ၁၅ ပေါင် တက်အောင် လုပ်ခဲ့ရပါတယ်။ သူလိုချင်တဲ့ Body ရဖို့ တစ်ရက်ကို ၆ နာရီနှုန်းနဲ့ ၆ လကြာအောင် Workout လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ အန်တွိုင်း ဖူးကွာရာကတော့ “ကျွန်တော်တို့ သူ့ကို အကောင်ကြီးကြီး ဖြစ်သွားအောင် လုပ်ခဲ့တယ်။ အမယ်လေးဗျာ ဂျိတ်ခ်ကလည်း ဒီကားထဲမှာ တကယ့်ကို လျှပ်စစ်လို သွက်လက်ပြီး အားအင်အပြည့်နဲ့ ဖိုက်တာ ဖြစ်သွားတာဗျ။ ဒီအတွက် သူ့နှလုံးသားနဲ့ ပေးပြီး နှစ်မြှပ်ခဲ့တာကို စကားလုံးနဲ့ ပြောရရင်’စတေးမှု’ပေါ့ဗျာ” လို့ ပြောပါတယ်။
(၆) တွမ်ဟန့်ခ်

Photo: Yahoo Movies UK
နာမည်ကျော် Cast Away ရုပ်ရှင် မရိုက်ခင်မှာ တွမ်ဟန့်ခ်ဟာ ပေါင် ၅၀ တက်အောင် လုပ်ခဲ့ရပါတယ်။ သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်ပုံစံ သရုပ်ဆောင်ဖို့အတွက် ဖြစ်ပါတယ်။ ရိုက်ကူးရေးက တစ်နှစ်ကြာခဲ့ပြီး ရုပ်ရှင်ကားဒုတိယပိုင်းစာအတွက် ဝိတ်ပြန်ချခဲ့ရတာပါ။ ကျွန်းပေါ် သောင်တင်နေတဲ့ ဇာတ်ရုပ်ပီပြင်ဖို့ ဆံပင်နဲ့ မုတ်ဆိတ်တွေလည်း ၄ လကြာအောင် မရိတ်ဘဲ မညှပ်ဘဲ ထားခဲ့ရပါတယ်။
စုစုပေါင်း ဝိတ်ချတာက ၅၅ ပေါင်ရှိပါတယ်။ ဒီလို ဝိတ်ချဖို့ ဂဏန်း ၊ငါး ၊ ဟင်းသီးဟင်းရွက် ၊ အသီးအနှံ ၊ အုန်းရည် ၊ နို့နဲ့ ရေကိုပဲ အများဆုံး သောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အပင်ပန်းခံခဲ့လို့လည်း သူ့ရဲ့ Cast Away ကားဟာ ကမ္ဘာကျော်ခဲ့တာ ဖြစ်ပါတယ်။