လူရယ်လို့ဖြစ်လာရင် ဘဝမှာ အဆိုးအကောင်းက အမြဲဒွန်တွဲ ကြုံတွေ့နေကြရစမြဲပါ။ တစ်ခါတစ်လေမှာ ပျော်ရွှင်စရာ အခြေအနေတွေရှိသလို တစ်ခါတစ်လေမှာလည်း စိတ်ညစ်စရာတွေ ကြုံရနိုင်ပါတယ်။ သို့သော်လည်း သင်ကိုယ်သင်အတက်နိုင်ဆုံး ပျော်ရွှင်အောင်ထားချင်တယ် ၊ ဘဝမှာပျော်ရွှင်မှုအစစ်မှန်ကို ရယူလိုချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်စေမှာပါ။
(၁) နောင်တကင်းအောင်နေပါ

Source : Freepik
နောင်တ တရားနည်းလေလေ ပျော်ရွှင်ရဖို့အခွင့်အရေး များလေလေပါပဲ။ ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ လုပ်ချင်တဲ့အရာလေးတွေကို အချိန်လွန်မှ မလုပ်ခဲ့ရလေခြင်းဆိုပြီး နောင်တရနေတာဟာ သင့်ဘဝရဲ့ပျော်ရွှင်မှုတွေကို ဖြုန်းတီးပစ်ရာ ရောက်ပါတယ်။ ငယ်ရွယ်တုန်းမှာ လုပ်ချင်တဲ့စိတ်ကူးအိပ်မက်တွေကို တဖြည်းဖြည်းချင်းအကောင်ထည်ဖော်သွားမယ်ဆိုရင် နောင်တကင်းကင်းနဲ့ ပျော်ရွင်တဲ့အနာဂတ်ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။
(၂) ခံစားချက်တွေထုတ်ဖော်ပါ

Source : Freepik
ကိုယ့်ရဲ့အဆင်မပြေမှုတွေ ၊ ဝမ်းနည်းစရာအဖြစ်အပျက်တွေကို အမြဲတမ်းလူတိုင်းကိုထုတ်ပြနေစရာမလိုတာတော့အမှန်ပါပဲ။ သို့သော်လည်း ခံစားချက်တွေကို အမြဲမြိုသိပ်ဖုံးကွယ်ထားလို့လည်း မရပြန်ပါဘူး။ ခံစားချက်တွေမြိုသိပ်ပါများရင် စိတ်ကျရောဂါဝင်လာတဲ့အထိဆိုးကျိုးများပါတယ်။ ဒါကြောင့် တစ်ခါတစ်လေမှာ ရင်ဖွင့်စရာရှိတာဖွင့်လိုက်ပါ။ သီချင်းအကျယ်ကြီးအော်ဆိုချင်ဆိုလိုက်ပါ။ ငိုချင်ငိုလိုက်ပါ။ သင့်စိတ်အခြေအနေကိုပိုမိုကောင်းမွန်လာပြီး ပေါ့ပါးလန်းဆန်းလာပါလိမ့်မယ်။
(၃) ပြဿနာတွေဖြေရှင်းပါ

Source : Freepik
ဘဝဆိုတာ မျှော်လင့်မထားတဲ့ ပြဿနာတွေ ကြုံလာရတက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြဿနာတွေကြုံလာတိုင်းမှာ ပြဿနာကိုအဖြေရှာဖို့ ဖြေရှင်းဖို့က ကိုယ့်ရဲ့တာဝန်ပါ။ ပြဿနာတွေကို ရှောင်လွဲနေတာ ပုန်းရှောင်နေတာဟာ သင့်ကိုပိုစိတ်ပင်ပန်းစေပြီး ရေရှည်စိတ်ဖိစီးမှုဝေဒနာကို ခံစားရနိုင်ပါတယ်။ ပြဿနာတွေကိုဖြေရှင်းလိုက်နိုင်ခြင်းဟာ သင့်ကိုယ်သင်လည်း ယုံကြည်မှုတိုးစေသလို စစ်မှန်တဲ့ပျော်ရွှင်မှုကိုလည်း ခံစားရစေပါတယ်။
(၄) ကိုယ်ပိုင်တဲ့အရာတွေကိုတန်ဖိုးထားပါ

Source : Freepik
လိုချင်တပ်မက်တဲ့စိတ်ဆိုတာ လူတိုင်းမှာရှိတက်တာပဲမဟုတ်လား။ ကိုယ်လက်ရှိပိုင်ဆိုင်ထားတဲ့အရာထက် ပိုကောင်းတဲ့အရာကိုပိုင်ဆိုင်ချင်ကြတာလဲ လူ့သဘောသဘာဝပါပဲ။ သို့သော်လည်း လိုချင်တပ်မက်စိတ် ပြင်းထန်လာတာနဲ့အမျှ သောကနဲ့ စိတ်ဖိစီးမှုတွေဟာလည်း ဆတူတိုးပွားလာတယ်ဆိုတာကို သတိပြုရပါမယ်။ ကိုယ့်ဘဝမှာရောက်ချင်တဲ့နေရာတစ်ခု လိုချင်တဲ့ပစ္စည်းတစ်ခုအတွက် ကြိုးစားတယ်ဆိုတာကောင်းပေမယ့် ဘဝရဲ့ပျော်ရွှင်မှုတွေပျောက်ဆုံးသွားရသည်အထိ သဲကြီးမဲကြီးလုပ်နေတာမျိုးမဖြစ်သင့်ပါဘူး။ လက်ရှိကိုယ်ပိုင်ဆိုင်တဲ့အရာလေးတွေကို တန်ဖိုးထားတင်းတိမ်နိုင်ရင်ပဲ ကျေနပ်စရာကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
