မနက်စောစော အိပ်ရာထခြင်းသည် စိတ်လက်ပေါ့ပါးစေပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ တစ်နေ့တာလုံး တက်ကြွလန်းဆန်းနေပြီး မိမိလုပ်စရာရှိတဲ့အလုပ်များကို စောလျင်စွာ ပြီးစီးနိုင်ပါတယ်။ ပုံမှန်ချိန်ထက် တစ်နာရီခန့် စောထကာ သင့်ရဲ့အိပ်ရာထချိန်ကို ပြောင်းလဲပေးလိုက်ရုံဖြင့် သင့်ရဲ့စိတ်ကျန်းမာရေးသည်လည်း အရင်ကထက် ပိုမိုကောင်းမွန်လာတာကို တွေ့ရပါလိမ့်မယ်။
သင့်အနေနဲ့ မနက်စောစောထဖို့ ကြိုးစားပေမယ့် နှိုးစက်သံကိုပဲ ပြန်ပိတ်ပြီး အိပ်နေမိပြီလား။ မနက်စောစော အိပ်ရာထဖို့ လေ့ကျင့်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။
မိမိရဲ့လုပ်နိုင်စွမ်းကို ယုံကြည်ပါ

သင်သည် မနက်စောစော အိပ်ရာမထနိုင်တာမဟုတ်ပါဘူး။ မထချင်တာပါ။ သင့်စိတ်က အိပ်ရာစောစောထမယ်လို့ စိတ်ပိုင်းဖြတ်ထားရင် သင် စောစောထပါလိမ့်မယ်။ နာရီနှိုးစက်သံကို ပိတ်ပြီးလည်း ပြန်မအိပ်ပါနဲ့။ နှိုးစက်သံကြားတာနဲ့ တစ်ခါတည်း ထလိုက်ပါ။
ရေဓာတ် ပြည့်ဝစွာနေပါ

သင့်ရဲ့မနက်ခင်းကို ရေတစ်ဖန်ခွက်ဖြင့် အစပြုပါ။ သင် စစချင်းနိုးတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်သည် ရေဓာတ်ခမ်းခြောက်နေတာပါ။ ရေဓာတ်ဖြည့်တင်းပြီး စွမ်းအင်ပြန်လည်ပြည့်ဝဖို့အတွက် ရေတစ်ဖန်ခွက် အဝသောက်ပေးဖို့ိလိုပါတယ်။
အိပ်ရေးဝဝ အိပ်စက်ပါ

တစ်နေ့လျှင် ၅ နာရီ၊ ၆ နာရီလောက်ပဲ အိပ်ချိန်ရပြီး အိပ်ရေးမဝတဲ့ ယောကျာ်းများသည် စိတ်ဖိစီးမှုများခြင်း၊ အစာမကျေဖြစ်ခြင်း၊ ကြွက်သားများ ဆုံးရှုံးခြင်းနှင့် မိမိရဲ့ရှိရင်းစွဲအသက်အရွယ်ထက် အိုစာနေခြင်း စတဲ့ဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ညဘက်မှာ စောစောအိပ်ရာဝင်ပြီး တစ်နေ့လျှင် ၇ နာရီ၊ ၈ နာရီခန့် အိပ်ရေးဝဝအိပ်စက်ဖို့ လိုပါတယ်။
မနက်ခင်း လေ့ကျင့်ခန်း ပြုလုပ်ပါ

မနက်အိပ်ရာနိုးလာပြီဆိုတာနဲ့ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးလိုက်ပါ။ လေ့ကျင့်ခန်းမလုပ်ခင် မနက်စာ စားချင်တယ်ဆိုရင်လည်း ပေါ့ပေါ့ပါးပါး အစားအစာမျိုး စားသုံးနိုင်ပါတယ်။ မနက်ခင်းအချိန်အခါသည် လေ့ကျင့်ခန်းပြုလုပ်ဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။
လေကောင်းလေသန့်ရှူရှိုက်ပါ

မနက်ခင်းစောစောအချိန်သည် လေကောင်းလေသန့်ရရှိဖို့ အခွင့်အလမ်းအများဆုံးပါပဲ။ မနက်ခင်းလေသည် သန့်ရှင်းလတ်ဆတ်ကာ အေးမြတဲ့အတွက်ကြောင့် သင့်ရဲ့အသက်ရှူစနစ်ကို ကောင်းမွန်စေပါတယ်။ မနက်ခင်းလေ့ကျင့်ခန်းတွေထဲမှာ အသက်ရှူလေ့ကျင့်ခန်းကိုလည်း မပါမဖြစ် ထည့်သွင်းထားပါ။
အိပ်ရာဝင်ခါနီး မိနစ် ၃၀ ခန့်အလိုမှာ လျှပ်စစ်ပစ္စည်းများ အသုံးပြုမှုကို ရပ်တန့်လိုက်ပါ

ဖုန်းမှ ထွက်ရှိတဲ့ အပြာရောင်အလင်းတန်းသည် သင့်ရဲ့အိပ်စက်မှုဟော်မုန်းကို ပျက်စီးစေပါတယ်။ ဒါ့ကြောင့် အိပ်ရာဝင်ခါနီးမှာ ဖုန်းသုံးခြင်း၊ ကွန်ပျူတာ အသုံးပြုခြင်း၊ တီဗွီကြည့်ခြင်းတို့ ပြုလုပ်မယ့်အစား စာအုပ်တစ်အုပ်ဖတ်ပေးလိုက်ပါ။
သင် စားသောက်တဲ့အစားအစာကို ပြန်လည်စစ်ဆေးပါ

သင် စားသောက်တဲ့အစားအစာသည် သင့်ရဲ့အိပ်စက်ခြင်းအပေါ် များစွာအကျိုးသက်ရောက်မှုရှိပါတယ်။ သင်သည် ညဘက်မှာ သရေစာ စားသုံးတတ်တဲ့အကျင့်ရှိတယ်ဆိုရင် သင် မနက် နိုးထလာတဲ့အခါ ပင်ပန်းနွမ်းနယ်နေသလို ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် သင် စားသောက်တဲ့အစားအစာများထဲမှာ ချိုတဲ့အစားအစာများ အလွန်အကျွံ ပါဝင်နေပြီလားဆိုတာကို ပြန်လည်ဆန်းစစ်လိုက်ပါ။ အချိုစာများ၊ တာရှည်ခံအစားအစာများကို ရှောင်ကြဉ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများ စားသုံးပေးလိုက်ပါ။
Source: Nextluxury.com
