Mindfulness လို့ ခေါ်တဲ့ သတိနဲ့နေတဲ့စိတ်အလေ့အကျင့် ရှိခြင်းကို ဗုဒ္ဓဘာသာဆိုင်ရာ ကျင့်စဉ်တစ်ခုအဖြစ်ပဲ ရှုမြင်ခဲ့ရာကနေ အခုဆို ဒီအလေ့အကျင့်ဟာ စံထားထိုက်တဲ့ နေ့စဉ်နေထိုင်မှုဘဝပုံစံတစ်ခုအဖြစ် တစ်ကမ္ဘာလုံးဆီ ပျံ့နှံ့ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ စိတ်ကို စောင့်ကြည့်တဲ့အလေ့အကျင့် (တစ်နည်းအားဖြင့်) တရားထိုင်ခြင်းကို တစ်ကမ္ဘာလုံးက မြင့်မြတ်တဲ့ နေထိုင်မှုတစ်ခုအဖြစ် ဘာကြောင့် သတ်မှတ်လာသလဲဆိုတဲ့အကြောင်းရင်းကို သိရဖို့ လွယ်ပါတယ်။
ဒီနေ့ကမ္ဘာဟာ ကသောင်းကနင်းဖြစ်စဉ်တွေနဲ့ ရှုပ်ထွေးမွန်းကြပ်ပိတ်လှောင်နေပြီး လူတွေအားလုံးဟာ စဉ်ဆက်မပြတ်ဆိုသလို စိတ်ဖိစီးမှု ၊ အလောတကြီးဖြစ်ပြီး မငြိမ်သက်နိုင်တဲ့ စိတ်အခြေနေကြုံတွေ့မှုတွေနဲ့ နေထိုင်နေရတာပါ။ တရားထိုင်တဲ့ အလေ့အထဟာ ဘဝအတွက် သိပ်အရေးကြီးတဲ့ သင်ခန်းစာတွေလည်း သင်ကြားပေးနိုင်ပါတယ်။
(၁) ငြိမ်းအေးမှုနဲ့ နေနိုင်လာတယ်

Photo : Freepik
တရားထိုင်တယ်ဆိုတာ ယောက်ယက်ခတ် ပြေးလွှားနေတဲ့ စိတ်အစဉ်ကို တည့်တည့်ကြည့်ပြီး စိတ်လှုပ်ရှားမှုရဲ့ အရင်းခံအကြောင်းတရားကို ပယ်သတ်တာ ဖြစ်ပါတယ်။ ကိုယ့်အတွေးကို ကိုယ်တကယ် သိတဲ့အခါ စိတ်ဟာ ငြိမ်ပြီးငြိမ်းလာပါတယ်။ အတွေးတွေ ငြိမ်းသွားလို့ ကြည်လင်ချမ်းမြေ့တဲ့ စိတ်အရသာဟာ ရုပ်ဝတ္ထုပစ္စည်းက ပေးတဲ့ စိတ်ချမ်းသာမှုထက် အဆရာထောင် သာလွန်ပါတယ်။
(၂) လောကအမြင်သစ် ရလာမယ်

Photo : Freepik
အင်္ဂလိပ်ဒဿနဆရာကြီး ဂျော့ချ် ဘားနတ်ဒ်ရှောက “လူဟာ လောကကြီးကို ဖြတ်မြင်နေရတဲ့ ပြတင်းပေါက်ပဲ” လို့ ပြောဖူးပါတယ်။ ကိုယ့်ပြတင်းပေါက်ကနေ လောကကြီးကို ကိုယ်မြင်သလို တွေ့မြင် ခံစားနေရတာပါ။ ပျော်ရွှင်နေတဲ့သူတွေဟာ လောကကြီးကို ပျော်စရာနေရာအဖြစ် မြင်နေကြသူတွေ ဖြစ်ပါတယ်။
တရားထိုင်ခြင်းဟာ လူကို ပိုပြီး ပျော်ရွှင် ၊ ပိုပြီး ကောင်းမွန် ငြိမ်းအေးတဲ့စရိုက်ကို ဖြစ်တည်စေပါတယ်။ ပျော်ရွှင်ငြိမ်းအေးပြီး တစ်နေ့ထက် တစ်နေ့ ကောင်းမွန်တဲ့လူတစ်ယောက်ရဲ့ ပြတင်းပေါက်မှာ နုပျိုစိုလက်တဲ့ အရောင်တွေနဲ့ ကမ္ဘာကြီးကို မြင်ရမှာ မလွဲပါဘူး။
(၃) ပိုပြီး ထမြောက်အောင်မှု ရစေမယ်

Photo : Freepik
တည်ငြိမ်အေးချမ်းတဲ့စိတ်ဟာ အရာအားလုံးကို ရယူနိုင်တဲ့ အစွမ်း ရှိပါတယ်။ တည်ငြိမ်နေတဲ့စိတ်ဟာ အာရုံစိုက်မှုကို ပိုထက်သန်စေပြီး ဦးတည်ချက်တစ်ဘက်တည်းကို စိတ်ခွန်အားအပြည့်နဲ့ အရောက်သွားနိုင်အောင် မောင်းနှင်ပေးနိုင်ပါတယ်။ “ဘဝကို စိတ်က ဦးဆောင်သည် ။ စိတ်အတွေးအတိုင်း ဘဝဖြစ်လာသည်” လို့ ဗုဒ္ဓက ဟောကြားခဲ့ဖူးတယ် မဟုတ်လား။
(၄) ကိုယ်ထင်ထားတာထက် ဖန်တီးမှုပိုကောင်းလာမယ်
Photo : Freepik
ပြဿနာတွေနဲ့ နာရီပေါင်းများစွာ နပန်းလုံးနေရင်း ဘယ်လို အဖြေရှာရမလဲမသိ ဖြစ်ဖူးကြမှာပါ။ ပြဿနာကို အဖြေရှာဖို့ ကြိုးစားရင်း ပြဿနာတွေကြောင့် စိတ်ပင်ပန်းလေးလံနေခြင်းဟာ ဖန်တီးမှုစွမ်းအားတွေကို ပိတ်ဆို့စေပါတယ်။ တရားထိုင်ခြင်းဟာ ပြဿနာတွေကို ဓမ္မဓိဌာန်ကျကျ ကြည့်ပြီး ပိုကောင်းတဲ့ အဖြေကို ရှာနိုင်အောင် ကူညီပေးပါတယ်။ Mindfulness အလေ့အကျင့်ဟာ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ မတူတဲ့နည်းလမ်းတွေကို ဖော်ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။
(၅) ကိုယ့်ကိုယ်ကိုယ် သဘောပေါက်သွားမယ်

Photo : Freepik
ကိုယ့်အကြောင်း ကိုယ်သိစေခြင်းဟာ တရားထိုင်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်ထဲမှာ ပါပါတယ်။ လူဟာ ကိုယ့်အကြောင်း ကိုယ်သိလေလေ ပိုကောင်းတဲ့သူ ဖြစ်ဖို့ ပိုနီးစပ်လေလေပါပဲ။ တရားထိုင်ခြင်းဟာ ကိုယ့်ရဲ့ အားသာချက် ၊ အားနည်းချက်တွေကို မချွင်းမချန် သိစေပါတယ်။ ကိုယ့်အားနည်းချက်တွေ သိတော့ ပိုကောင်းအောင် ပြင်လာမယ်။ လောဘကြီးသူဟာ ကိုယ့်လောဘကို တကယ်မြင်သိသွားရင် လောဘနည်းကြောင်း ဖြစ်လာမယ်။ ဒေါသကြီးသူလည်း ထိုနည်းလည်းကောင်းပါပဲ။
ကိုယ့်ရဲ့ အားသာချက်ကို အာရုံပြုနိုင်ရင် ကိုယ့်ကိုယ်ကိုယ် လေးစားမှု ၊ ကိုယ့်ရဲ့ ထိုက်တန်မှုကို တကယ်နားလည်သွားပါမယ်။ လောကထဲမှာ အဓိပ္ပါယ်ရှိတဲ့ လူတစ်ယောက်အဖြစ် ပျော်ရွှင်မွေ့လျော်စွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

