အခုဆိုရင် မိုးရာသီရောက်ရှိလို့လာပါပြီ။ မိုးရာသီမှာ ကားမောင်းရတာ ဘယ်လောက်အခက်အခဲဖြစ်သလဲဆိုတာ ကားမောင်းသူတွေပဲ ရင်ဆိုင်ကြရတဲ့အခက်အခဲတစ်ခုပါ။ မိုးအရမ်းရွာပြီး ရေကြီးလို့ ရေထဲမှာတင် ကားပျက်သွားရတဲ့ အဖြစ်မျိုးလည်း ကားပိုင်ရှင်တော်တော်များများ ကြုံတွေ့ဖူးကြပါတယ်။
ဒီလိုမိုးရာသီမျိုးဆိုရင် မိမိကားကို အရင်ကထက် ပိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးကနေတဆင့် ကားပိုင်ရှင်များအတွက် အသုံးတည့်စေမယ့် နည်းလမ်းကောင်းအချို့ကို ဝေမျှပေးလိုက်ရပါတယ်။
ကားဆေးအရောင်
မိုးတွင်းမှာ ကားက အော်တိုရေစိုပြီး သန့်စင်သွားတာပဲ သန့်ရှင်းရေးလုပ်စရာမလိုတော့ဘူးလို့ မထင်လိုက်ပါနဲ့။ မိုးရေနဲ့ ဖုန်မှုန့်အညစ်အကြေးများ ရောနှောပြီးနောက် မိုးရေ ပြန်ခြောက်သွားတဲ့အခါ သင့်ကားရဲ့ဆေးရောင် ပျက်စီးသွားခြင်း၊ တောက်ပမှုလျော့နည်းသွားခြင်းနှင့် အစက်အပျောက်များ ထင်ကျန်ရစ်ခြင်းတို့ဖြစ်တတ်ပါတယ်။
အကောင်းဆုံး ဖြေရှင်းနည်းကတော့ အိမ်ကမထွက်ခင်မှာ သင့်ကားပေါ်မှာ ကပ်နေတဲ့ဖုန်းများကို တစ်ကြိမ်လောက်တော့ သုတ်သွားသင့်ပါတယ်။ ဒါ့အပြင် Car Cover များကို မိုးရာသီမှာ အသုံးမပြုပါနဲ့။ ကားပေါ်မှာ ကပ်သွားတဲ့အခါ သင့်ကားဆေးနှင့် ကားကိုယ်ထည်ကို ပျက်စီးစေနိုင်ပါတယ်။
ကား ကြမ်းခင်း
မိုးရာသီဆိုတော့ သင့်ဖိနပ်မှာလည်း အညစ်အကြေးများ ပေကျံရစ်နေပြီး ကားထဲချနင်းတဲ့အခါ ကားအတွင်းပိုင်း ပျက်စီးညစ်ပတ်ခြင်း၊ အနံ့အသက်မကောင်းခြင်းနှင့် ဘက်တီးရီးယားများ ပေါက်ဖွားမှုကို အားပေးစေပါတယ်။
ထိုပြဿနာအတွက် ဖြေရှင်းနည်းကတော့ သတင်းစာစက္ကူအဟောင်းများ အသုံးပြုခြင်းပါပဲ။ ထိုသတင်းစာစက္ကူများကိုလည်း တစ်ပတ်တစ်ကြိမ် အလဲအလှယ်ပြုလုပ်ပေးဖို့မမေ့ပါနဲ့
ကားရှေ့ခန်း
သင့်အဝတ်အစားတွေ မိုးရေစိုနေချိန် ကားထဲ ဝင်ထိုင်တဲ့အခါ ကားထိုင်ခုံသည်လည်း စိုစွတ်သွားပါလိမ့်မယ်။ ဒါ့အပြင် လက်အစိုဖြင့် ထိတွေ့ကိုင်တွယ်တဲ့အခါ ဘက်တီးရီးယားများလည်း ကပ်ငြိနေတတ်ပါတယ်။ ဘက်တီးရီးယားများကြောင့် ကားအတွင်းရှိသူများ တုပ်ကွေးဖြစ်ပွားခြင်း၊ အရေပြား ယားယံခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။
ဖြေရှင်းနည်းကတော့ ကားအတွင်းခန်းနှင့် ကားခေါင်းခန်းကို တစ်ပတ်တစ်ကြိမ် သန့်ရှင်းရေးလုပ်ပါ။ သန့်ရှေးရေးလုပ်တဲ့အခါ စတီယာရင်၊ ထိုင်ခုံများ၊ Dashboard တို့ကို သေချာဦးစားပေးပါ။ ထိုင်ခုံများကို တဘက်ဖြင့် ဖုံးအုပ်ထားပါ။ ဒါဆိုရင် သင့်ရဲ့စိုစွတ်နေတဲ့အဝတ်အစားနဲ့ ထိတွေ့တဲ့အခါမှာလည်း သင့်ရဲ့ထိုင်ခုံပျက်စီးမှာမဟုတ်တော့ပါဘူး။
ဝိုက်ပါ
မိုး သည်းကြီးမည်းကြီး ရွာနေတဲ့အချိန်မျာ ကားဝိုက်ပါက အရေးအကြီးဆုံးပါပဲ။ ဒါ့ကြောင့်မို့လို့ သင့်ကားကို ဆေးကြောသန့်စင်တဲ့အချိန်မှာ ဝိုက်ပါကိုပါ တစ်ပါတည်း စစ်ဆေးပါ။ ရေဖြန်းတဲ့အခါမှာလည်း ရိုးရိုးရေကို ဆပ်ပြာပျော့အနည်းငယ်ဖြင့် ဖျော်စက်ကာ ဖြန်းပေးလိုက်ပါ။
ကားတာယာ
ကားမမောင်းခင်ကတည်းက မိမိကားတာယာများကို သေချာစစ်ဆေးသင့်ပါတယ်။ ဒါသည် မိုးတွင်းမှာပဲ လုပ်ရမှာမဟုတ်ပါဘူး။ နွေ၊ မိုး၊ ဆောင်း ဥတုသုံးမျိုးစလုံး လုပ်ရမှာပါ။ ဒါ့အပြင် ကားနောက်ဖုံးထဲမှာ ကားဘီးအပိုတစ်ခု အမြဲတမ်းဆောင်ထားပါ။ အရေးကြုံလာတဲ့အခါ အသုံးလိုလာပါလိမ့်မယ်။
ကားဘက္ထရီနှင့် ဖြူ့စ်
စက်ပြင်ဆရာထံတွင် သင့်ရဲ့ကားဘက္ထရီကို သေချာစစ်ဆေးထားပါ။ သင့်ကားဘက္ထရီရဲ့သက်တမ်းက သုံးနှစ်ကြော်လာပြီဆိုရင်တော့ ဘက္ထရီအသစ်လဲချိန်တန်ပါပြီ။ ဝါယာများ၊ ဆားကစ်ကြိုးများကိုလည်း သေချာစစ်ဆေးထားဖို့လိုပါတယ်။
ကားမီးသီး
ညဘက်ကားမောင်းတဲ့အခါမျိုး (သို့) ခရီးဝေးထွက်တဲ့အခါ ကားမီးသီးသည် အလွန်အရေးပါပါတယ်။ ကားမီးသီးရဲ့အလင်းအမှောင်ကိုလည်း သေချာစစ်ဆေးထားပါ။ အက်ကွဲမှုရှိမရှိကိုလည်း တစ်ပါတည်း စစ်ဆေးထားပါ။ ကားရဲ့ဘရိတ်ကိုလည်း နှစ်မိနစ်၊ သုံးမိနစ်ခန့် စမ်းမောင်းကာ စစ်ဆေးထားပါ။
ကားဘော်ဒီရဲ့အောက်ပိုင်းသည်လည်း သံကြေးတက်ခြင်း၊ တိုက်စားမှုခံရခြင်း ရှိမရှိကိုလည်း ကားဝပ်ရှော့မှာ ကျွမ်းကျင်သူများနှင့် သေချာစွာစစ်ဆေးထားဖို့လိုပါတယ်။
Source: Permagardindia.com