ဘာစီလိုနာအသင်းဟာ ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေရတဲ့ ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီကို စာချုပ်သစ် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ဒမ်ဘီလီရဲ့ အနာဂတ်ဟာ ပြင်သစ်အသင်းရဲ့ ယူရို ၂၀၂၀ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီးနောက်ပိုင်း မရေရာမှုတွေ ပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။ ပြင်သစ်တောင်ပံကြယ်ပွင့်ဟာ ဒဏ်ရာရရှိခဲ့ပြီးနောက် လေးလလောက်အထိ အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပြီး တနင်္လာနေ့က ဖင်လန်နိုင်ငံမှာ ဒဏ်ရာ မြန်မြန်ပြန်လည်သက်သာလာဖို့ ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။

Barcelona are said to have made an offer to Ousmane Dembélé

Photo: eurosport

ဘာစီလိုနာအသင်းဟာ ငွေကြေးရရှိဖို့ လိုအပ်နေတာကြောင့် ယူရို ၂၀၂၀ မှာ ဒမ်ဘီလီ အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့မယ်ဆိုရင် စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တဲ့ ကစားသမားကို ရောင်းထုတ်ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ နွေရာသီအပြောင်းအရွှေ့စျေးကွက်ကို ကျော်လွန်ပြီး ပြန်လည်ကုစားနေတဲ့ကာလအတွင်း ရောင်းချခြင်းခံရတော့မယ့်ပုံ မပေါ်တော့ဘဲ ဒဏ်ရာရနေတဲ့ အသက် ၂၄ နှစ်အရွယ်ကစားသမားအတွက် ဘာစီလိုနာအသင်းဟာ ရွေးချယ်စရာ နည်းနည်းရှိပေမယ့် ဒမ်ဘီလီကို ၂၀၁၇ ခုနှစ်တုန်းက ယူရို ၁၃၅ သန်းဝန်းကျင်နဲ့ ခေါ်ယူခဲ့တဲ့ ပိုက်ဆံ တပြားမှ ပြန်မရဘဲ ဆုံးမှာစိုးရိမ်တဲ့အတွက် စာချုပ်သစ် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

စာချုပ်သစ် မချုပ်ဆိုဘူးဆိုရင် ဒမ်ဘီလီဟာ ဇန်နဝါရီလမှာ စပိန်နိုင်ငံပြင်ပက ကလပ်အသင်းတွေနဲ့ စာချုပ်အကြို ချုပ်ဆိုဖို့အတွက် လွတ်လပ်စွာ ဆွေးနွေးညှိနှိုင်းနိုင်မှာဖြစ်ပြီး ဘာစီလိုနာအသင်းက အဲဒီလို ဖြစ်လာမှာကို ရှောင်လွှဲဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီရဲ့ ကိုယ်စားလှယ်ကို ၎င်းတို့ရဲ့ ပထမဆုံးစာချုပ်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး စာချုပ်ထဲမှာ လစာတော့ လျှော့ထားတယ်လို့ သိရပါတယ်။

Ousmane-Dembele-Barca

Photo: outlookindia

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ကစားသမားတွေကို ပေးချေနေရတဲ့လစာကို မဖြစ်မနေ လျှော့ချရမှာဖြစ်ပြီး ဒမ်ဘီလီကလည်း ဒဏ်ရာရရှိနေတာကြောင့် ကြိုက်စျေးနဲ့ ရောင်းထုတ်နိုင်မှာမဟုတ်သလို ပြီးခဲ့တဲ့ ၄ နှစ်တုန်းကလိုမျိုး လစာလည်း ရနိုင်တဲ့အခြေအနေမှာ မရှိနေတာဖြစ်ပါတယ်။

ဒမ်ဘီလီအနေနဲ့ လစာလျှော့တာကို လက်ခံမလားဆိုတဲ့အဖြေကို စောင့်ကြည့်ရုံသာ ကျန်တော့ပြီး ပြင်သစ်တောင်ပံကစားသမားရဲ့ ခွဲစိတ်ကုသမှုကလည်း ကောင်းကောင်းမွန်မွန်ပဲ ပြီးဆုံးသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။