မှတ်ဉာဏ်ဆိုတာ ကျွန်တော်တို့လူသားတွေအတွက် ဘဝတစ်လျောက်လုံးအသုံးပြုရတဲ့ အရာတစ်ခုပါ။ မွေးရာပါမှတ်ဉာဏ်အားကောင်းတဲ့သူတွေရှိသလို ကိုယ့်နည်းကိုယ်ဟန်နဲ့ မှတ်ဉာဏ်ထက်ဖို့ လုပ်ယူနိုင်တဲ့နည်းလမ်းတွေလည်း ရှိပါတယ်။ ဆိုတော့ ဒီနေ့ပြောပြပေးချင်တာက သင့်မှတ်ဉာဏ်စွမ်းရည်ကို မြင့်တင်နိုင်မယ့် နည်းလမ်းတွေပါ။

ဖြစ်နိုင်ရင် တစ်နေ့တာ ကိုယ်လုပ်ဆောင်ချက်တိုင်းကို ညဘက်မှာ ပြန်စဉ်းစား သုံးသပ်တာဟာ မှတ်ဉာဏ်ကို နှိုးဆွရာ ရောက်ပါတယ်။ ညဘက်တွေမှာ ကိုယ်ရေးခဲ့တဲ့ တစ်နေ့တာ မှတ်စုနဲ့ ကိုယ်တွေးလို့ရသမျှ အဖြစ်အပျက်တွေအကြောင်းကို ၁၀ မိနစ် ဖြစ်စေ ၁၅ မိနစ် ဖြစ်စေ ပြန်စဉ်းစား သုံးသပ်ပေးသင့်ပါတယ်။

Smiling middle-aged businessman making notes

Photo : Freepik

မှတ်ဉာဏ်ကို ပိုပြီး ပံ့ပိုးကူညီပေးနိုင်တာက စာရေးတာပါပဲ။ သွားလေရာမှာ အိတ်ဆောင်စာအုပ်ငယ်တစ်ခုနဲ့ ဘောပင်တစ်ချောင်း ထည့်သွားပြီး တစ်ခုခု တွေ့လာတိုင်း သိလာတိုင်း ချရေးတာဟာ ကိုယ်ပိုင်မှတ်ဉာဏ်ကို ပိုပြီး နက်ရှိုင်းစေပြီး အဓိပ္ပါယ်လည်း ပိုရှိစေပါတယ်။ အကြောင်းတစ်ခုက လက်နဲ့ စာရေးတာဟာ ကိုယ့်အတွေးနဲ့ တိုက်ရိုက်ချိတ်ဆက်ဖို့ အကောင်းဆုံးလမ်းကြောင်းလည်း ဖြစ်ပါတယ်။အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်တာဟာ ဦးနှောက်ရဲ့ မှတ်သားမှုစနစ်ကို ပိုပြီး တိုးတက်ဖွံ့ဖြိုးစေပါတယ်။

အသက်ဝဝ ရှုနေတာဟာ ဦးနှောက်ထဲ အောက်ဆီဂျင် စီးဆင်းမှု ပိုတိုးစေပြီး စိတ်ကို ပိုလန်းဆန်း ကြည်လင်စေပါတယ်။ မနက်ခင်းနဲ့ ညဘက်တွေမှာ အသက်ရှုလေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းကနေ မှတ်ဉာဏ်ကို ပိုတိုးစေပါတယ်။ အသက်ရှုတာအပြင် ရေဓါတ်လုံလုံလောက်လောက် ဖြည့်တင်းပေးတာဟာ စိတ်နဲ့ ကိုယ်ကို ကြည်လင်လန်းဆန်းစေပါတယ်။

man concentrating and raising hands outdoors with blue sky and green tree branches

Photo : Freepik

လုပ်သမျှမှာ အစီအစဉ်တကျနေရင် မှတ်ဉာဏ်ကို ဆွဲထုတ်ဖို့လည်း ပိုလွယ်ပါတယ်။ မှတ်ဉာဏ်ဟာ လုပ်ဆောင်မှု အစီအစဉ်နဲ့ ဆက်စပ်နေသလို တစ်ခါတစ်ရံမှာ အဖြစ်အပျက်တစ်ခုကို ဆွဲထုတ်ပေးနိုင်မယ့် အသေးအမွှား ကိစ္စလေး (အနံ့ ၊ မြင်ကွင်း ၊ ပုံစံနဲ့ အရောင် ကအစ) တွေနဲ့လည်း ထူးထူးခြားခြား ဆက်စပ်နေတတ်ပါတယ်။

အတွေးတွေပဲ တွေးတွေး ၊ အလုပ်တွေပဲ လုပ်လုပ် တစ်ကြိမ်မှာ တစ်ခု ဥပဒေဟာ အထိရောက်ဆုံးပါ။ Multitasking လိုမျိုး တစ်ချိန်တည်း လက်မလည်အောင် အလုပ်များနေတာဟာ ဘာကိုမှ မစုစည်းမိတတ်သလို ကြာလာရင် ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်ပါ ထိခိုက်နိုင်ပါတယ်။ မှတ်ဉာဏ်ရဲ့ သဘောသွားတစ်ခုက ပိုမှတ်မိစေဖို့ အပိုင်းလိုက် အပိုင်းလိုက် မှတ်သွားတဲ့နည်းက အလုပ်အဖြစ်ဆုံးပါ။