အိပ်မရခြင်း ပြဿနာဟာ ကမ္ဘာ့လူဦးရေ ၃၀% ကို ခြောက်လှန့်နေတဲ့ ကျန်းမာရေး ပြဿနာဖြစ်ပါတယ်။ အိပ်စက်ခြင်းကို ကုသတဲ့ နည်းလမ်းနဲ့ သုံးစွဲရမယ့် ဆေးဝါးတွေကို ဆေးသုတေသနပညာရှင်တွေ တီထွင်ထားပေမယ့် အကုန်လုံးကတော့ အကြွင်းမဲ့ ပျောက်တာ မဟုတ်ပါဘူး။ ရောဂါကြောင့် မဟုတ်ဘဲ ပုံမှန်အခြေအနေမှာ အိပ်မပျော်တာကိုတော့ အသက်ရှုနည်းစနစ်တွေနဲ့ ကုသနိုင်ပါတယ်။

Man sleeping in bedroom at home

ပထမတစ်ခုကတော့ ၄-၇-၈ နည်းလို့လည်း ခေါ်ပါတယ်။ ဒေါက်တာအန်ဒရူးဝေလ်ရဲ့ အသက်ရှုလေ့ကျင့်ခန်းနည်း ဖြစ်ပြီး ယောဂနဲ့ ဆင်ပါတယ်။ အဓိကကတော့ အသက်ရှုရှိုက်မှုကနေ ခန္ဓာရဲ့ တုန့်ပြန်မှုကို ထိန်းချုပ်တာ ဖြစ်ပါတယ်။၄-၇-၈ နည်းလမ်းကို နေ့တိုင်း လေ့ကျင့်သွားမယ်ဆိုရင် စက္ကန့် ၆၀ အတွင်း အလွယ်ကလေး အိပ်ပျော်စေမှာပါ။ နည်းလမ်းကလည်း ရိုးရှင်းပြီး နေ့စဉ် အိပ်ရာဝင်လေ့ကျင့်ခန်းလို လုပ်သွားမယ်ဆိုရင် အဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်မှာပါ။

နည်းလမ်းကတော့  နှုတ်ခမ်းကို ဟထားပြီး ပါးစပ်နဲ့ပဲ အသက်ရှုသွင်းရာက စလိုက်ပါ။ ပြီးတာနဲ့ ပါးစပ်ပိတ်ပြီး နှာခေါင်းကနေ ဖြည်းဖြည်းချင်း အသက်ပြန်ရှုထုတ်လိုက်ပါတယ်။ နှာခေါင်းကနေ အသက် ရှုထုတ်လိုက်စဉ်မှာ အသက်ကို ၁ ကနေ ၄ အထိ ရေပြီး ရှုထုတ်ရမှာပါ။ နောက်တစ်ဆင့်အနေနဲ့ အသက်ကို ၇ စက္ကန့်ကြာ အောင့်ထားပြီး အနားယူလိုက်ပါ။ ပြီးတာနဲ့ ၈ စက္ကန့်ကြာအောင် ဝူးခနဲ အသံထွက်ပြီး ရှုသွင်းရမှာ ဖြစ်ပါတယ်။

Man sleeping in bedroom at home
နောက်ထပ် အိပ်ပျော်ဖို့ ၁ မိနစ်စာ လေ့ကျင့်ခန်းကတော့ ကြွက်သားလေ့ကျင့်ခန်းပါ။ သူကတော့ စိတ်နဲ့ အကြောတွေကို ဖြေလျှော့ရတာ ဖြစ်ပါတယ်။ အသက်ရှုလေ့ကျင့်ခန်းလိုပဲ PMR (Progressive Muscle Relaxation) လို့ ခေါ်တဲ့ ဒီနည်းကလည်း မြန်မြန်ဆန်ဆန် အိပ်ပျော်စေတဲ့ နည်းလမ်းဖြစ်ပြီး အက်ဒ်မွန်ဂျက်ဘ်ကော့ဆန်ဆိုတဲ့ ပညာရှင်က ၁၉၃၀ ခုနှစ်များမှာ ဖော်ထုတ်ခဲ့တာပါ။ သူ့နည်းကလည်း ရှင်းပါတယ်။

အဆင့်တစ်အနေနဲ့ အိပ်ရာပေါ် သက်တောင့်သက်တာ လှဲပြီး နဖူးကြောတွေ တင်းနေတာကို ၅ စက္ကန့် ကြာအောင် အာရုံပြုပြီး ၁၀ စက္ကန့် အတွင်း စိတ်နဲ့ ဖြေလျှော့ပေးရတာပါ။ ဒီလိုလုပ်ဖို့ အလွယ်ကူဆုံးနည်းက ပထမဆုံး မျက်ခုံးကို ၅ စက္ကန့် ကြာအောင် မြှင့်နိုင်သမျှ မြှင့်ပြီး နဖူးကြောတင်းလာမှုကို ခံစားပြီး အကြောတွေ ပြေလျော့လာတာကို သတိကပ်ရမှာပါ။ အလားတူ မျက်လုံး/ပါးပြင် ၊ ပါးစပ်/ မေးရိုးနဲ့ လည်ဂုတ်တို့ကို ဒီနည်းနဲ့ လျှော့ပေးရမှာ ဖြစ်ပါတယ်။

တကယ်လို့ ဒီဦးခေါင်းပိုင်းနဲ့တင် စိတ်သက်သာရာ မရသေးဘူး ၊ အနားမရသေးဘူးဆိုရင်တော့ ရင်ဘတ် ၊ လက်ချောင်း ၊ ခြေချောင်း ၊ ပေါင်တွေပါ မကျန် စိတ်နဲ့အကြောလျှော့ပေးမယ်ဆိုရင် အိပ်မပျော်တာကို သက်သာစေတဲ့အပြင် စိတ်အေးချမ်းမှုပါ ရရှိလာမှာပါ။

Photo : Freepik