ဂဲလစ်စကားအရ Whiskey ဆိုတာ အသက်ရေ Water Of Life လို့ အဓိပ္ပါယ်ရပါတယ်။ ဝီစကီလို့ ပြောကြရင် စကော့တွေကို အရင် ပြေးမြင်ကြပေမယ့် Scotch Whisky တွေပဲ နာမည်ကြီးတာ မဟုတ်ဘဲ နိုင်ငံအလိုက် ထွက်ရှိတဲ့ ဝီစကီအမျိုးအသားတွေလည်း အများကြီးပါပဲ။ ကမ္ဘာတစ်လွှားမှာ ဝီစကီအမျိုးမျိုး သောက်သုံးနေကြပြီး ဒီထဲကမှ ထင်ရှားကျော်ကြားတဲ့ ဝီစကီ ၅ မျိုးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။
(၁) Scotch

Photo: robbreport
Scotch ဝီစကီတွေဟာ နာမည်အတိုင်း စကော့တလန်က ထွက်ပါတယ်။ စကော့ဝီစကီတွေကို အခြေခံအားဖြင့် Single-Malt နဲ့ Blends ဆိုပြီး ခွဲပြောကြပါတယ်။ Single Malt တွေက ဘာလီစေ့နဲ့ပဲ စက်ရုံတစ်ရုံတည်းမှာ ထုတ်လုပ်ပြီး ဝက်သစ်ချစည်ထဲ အနည်းဆုံး ၃ နှစ် ထားပါတယ်။ Blends တွေကတော့ မုယောနဲ့ ဂျုံစတဲ့ အစေ့အဆံ နှစ်မျိုး သုံးမျိုးမက ရောထုတ်ထားတာပါ။ ပထမဆုံး Blended Whisky ကို ၁၈၆၀ ခုနှစ်က Green Stripe နာမည်နဲ့ ထုတ်ပါတယ်။ Malt နဲ့ Grain စေ့တဲ့ ရောစပ်ပြီး ထုတ်တာ ဖြစ်ပါတယ်။
(၂) Bourbon

Photo: thespruceeats
အမေရိကန်ဝီစကီတွေထဲမှာမှ လူကြိုက်အများဆုံး ဝီစကီက Bourbon ဝီစကီ ဖြစ်ပါတယ်။ Bourbon ဝီစကီတွေကတော့ အမေရိကန်တောင်ပိုင်းထွက် ဝီစကီတွေ ဖြစ်ပါတယ်။ အမေရိကန်မှာ ထုတ်မှ Bourbon လို့ ခေါ်ပြီး Bourbon မှာ အနည်းဆုံး ပြောင်းဖူး ၅၁% နဲ့ ချက်လုပ်ပြီး ဝက်သစ်ချစည်သစ်မှာ အနည်းဆုံး ၂ နှစ်ကျော် သိုလှောင်ထားရပါတယ်။ ကစော်ဖောက်ဖို့ သုံးတဲ့ အစေ့အဆံနဲ့ ထည့်တဲ့စည်ပေါ်လိုက်ပြီးမှ ဝီစကီအမျိုးအစား ထပ်ကွဲသွားတာပါ။
(၃) Irish Whiskey

Photo: Fortune
Irish Whiskey တွေဟာ အိုင်ယာလန်မှာ ထုတ်လုပ်တဲ့ ဝီစကီဖြစ်ပြီး စကော့တလန်က Single-Malt တွေလိုပဲ ချက်လုပ်တာ ဖြစ်ပါတယ်။ Scotch တွေက အညှောင့်ဖောက်ထားတဲ့ ဘာလီတစ်မျိုးတည်း သုံးပေမယ့် Irish Whiskey တွေက အညှောင့်မဖောက်ထားတဲ့ ဘာလီနဲ့ အညှောင့်ဖောက်ထားတဲ့ ဘာီတွေပါ ရောသုံးပါတယ်။ ဒါကြောင့် ဘာလီနံ့သင်းပျံ့တာက ထူးခြားမှု ဖြစ်စေပြီး ကမ္ဘာ့ဝီစကီလောကမှာ အဝင်ညက်ညောလို့ နာမည်ကြီးပါတယ်။
(၄) Canadian Whiskey

Photo: Whisky Advocate
ကနေဒါနိုင်ငံထုတ် Canadian Whiskey တွေကို ရိုင်းဝီစကီတွေလို့လည်း ခေါ်ကြပါတယ်။ တကယ်တမ်းတော့ ရိုင်းဂျုံပမာဏ နည်းနည်းပဲ သုံးထားပြီး ပြောင်းဖူး ၊ ဂျုံစတဲ့ အစေ့အဆံတွေကို အများဆုံး သုံးထားတာပါ။ Canadian Whiskey တွေကို သစ်သားစည်ငယ်ထဲမှာ ၃ နှစ်ထက် မပိုအောင် သိုလှောင်ထားတတ်ကြပါတယ်။ Canadian Whiskey တွေက တခြား ဝီစကီအမျိုးအစားတွေလောက် အနံ့သိပ်မပြင်းဘဲ ချိုမြမြအရသာပေးပါတယ်။
(၅) Japanese Whisky

Photo: hearstapps
ယမကာနဲ့ ပတ်သက်လာရင် ဂျပန်နိုင်ငံက ဆာကေးလို ဆန်အရက်လောက် နာမည်ကြီးတာမဟတု်ပါဘူး။ ဂျပန်ဝီစကီတွေကလည်း ကမ္ဘာ့ဈေးကွက်မှာ မျက်နှာပန်းလှနေပါတယ်။ တကယ်တော့ ဂျပန်ဝီစကီထုတ်လုပ်မှုကလည်း Scotch နဲ့ အတော်လေး ဆင်ပါတယ်။ ထူးခြားတာက ဂျပန်မှာပဲ ပေါက်ရောက်တဲ့ Mizunara ဝက်သစ်ချသားနံ့ ပါရှိတာ ဖြစ်ပါတယ်။ ဂျပန်ဝီစကီတွေ သစ်သီးနံ့ ၊ ပန်းနံ့သင်းပြီး တမူထူးခြားတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။
