နေ့စဉ်မှတ်တမ်းတွေဟာ လူတစ်ယောက်ရဲ့ တစ်နေ့တာ သမိုင်းတွေကို ပြောပြနေပါတယ်။ တစ်ချို့သူတွေက ဒိုင်ယာရီကို အကြွေးစာရင်း စာအုပ်ရေးသလို ရေးပြီး ၊ တစ်ချို့ကတော့ ကိုယ့်နေ့စဉ်ဘဝ ဖြတ်သန်းမှုကို ရသမြောက်အောင် ဖွဲ့နွဲ့တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒိုင်ယာရီတွေဟာ နေ့တိုင်း ရေးသင့်တဲ့ စာတွေ ဖြစ်ပါတယ်။

(၁) ဖန်တီးဉာဏ်ထက်သန်လာမယ်

young man hands writing notes

Photo : Freepik

ဒိုင်ယာရီတစ်ခု တစ်နှစ်ပြီး တစ်နှစ် ပြောင်းသွားချိန် ကျွန်တော်တို့ သတိထားမိတာက နောက်ပိုင်းနှစ်တွေ ဒိုင်ယာရီရေးရာမှာ ပိုပြီး အနုစိတ်လာသလို ပိုပြီး ရသပါလာတယ်ဆိုတာပါပဲ။ ပထမဆုံး ဒိုင်ယာရီရေးတုန်းကတော့ “ဒီနေ့ က တနင်္ဂနွေပါ။ အပြင်မှာ မိုးအုံ့ ပါသည်။ ညစာကို နောက်ကျမှ စားဖြစ်သည်။

” လောက်ကနေ နောက်များမှာ “တစ်ချို့သော တနင်္ဂနွေများသည် ကျွန်တော့်စိတ်ကူးကို ခြေဆန့်လက်ဆန့် အညောင်းဆန့်ရာ ဖြစ်လာပါသည်။ တစ်နေ့မှာ တစ်ကြိမ် ကိုယ့်အကြောင်းကို ပြန်တွေးမိသည်မှာလည်း ထိုတနင်္ဂနွေပဲ ဖြစ်ပါသည်” စသည်ဖြင့် ရသနွယ်ပြီး တင်ပြတတ်လာပါလိမ့်မယ်။

(၂) အရေးအသား ကျွမ်းကျင်လာမယ်

Business man write diary

Photo : Freepik

ဒိုင်ယာရီ နေ့တိုင်း ရေးလို့ ဘာတွေ ဖြစ်လာမလဲဆိုရင် ပထမအချက် စာကို ဘယ်လိုရေးရင် ပိုအဆင်ပြေမယ်ဆိုတာ သိလာမှာပါ။ နောက်တစ်ချက်က စာပုံမှန်ရေးတဲ့ သူတစ်ယောက်အတွက် ကိုယ်ရေးမယ့်စာ ၊ ကိုယ်ပြောမယ့် စကားကို စနစ်တကျ ထားသိုတတ်လာပါတယ်။ အရစ္စတိုတယ်က ပြောဖူးပါတယ်။ အလုပ်မှာ ပျော်ပါ ပြီးပြည့်စုံအောင်လည်း ဖန်တီးပါတဲ့။ စာရေးတာဟာ တနည်းနည်းနဲ့ပြီးပြည့်စုံအောင် ဖန်တီးနေတာပါပဲ။

(၃) ကိုယ်ပိုင်ဟန်နဲ့ ပုဂ္ဂလိကအသံကို ဖော်ထုတ်နိုင်ပါတယ်

Male hand with a pen and a cup

Photo : Freepik

စာရေးသူတိုင်းမှာ သူတို့ အပေါ် လွှမ်းမိုးခဲ့တဲ့ စာအုပ်တွေနဲ့ စာရေးဆရာတွေရဲ့ အသံတွေ ရှိပါတယ်။ စာရေးသက်ကြာလာချိန်မှာတော့ ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင် အသံကို မွေးထုတ်ပေးလာနိုင်ပြီ ဖြစ်ပါတယ်။ စာရေးတာ များလေလေ ကိုယ်ဟာ ကိုယ်ပိုင်ဟန်တစ်ခုကို ဖော်ထုတ်လာလေလေပါပဲ။ဘဝမှာ ကိုယ့်ဖန်တီးမှုနဲ့ ကိုယ် နေတာက ပိုပြီး မွေ့လျော်စရာပါ။ နေ့တိုင်း စာရေးတာဟာ လူတစ်ယောက်ကို ကိုယ်ပိုင် ပုံရိပ်တစ်ခု ပုံဖော်ပေးနေတာပါပဲ။

 

(၄) ဇွဲကောင်းလာမယ်

Male hand with a pen

Photo : Freepik

တကယ်တော့ နိစ္စဓူဝအလုပ်တစ်ခုအနေနဲ့ ဒိုင်ယာရီ ရေးဖို့ဆိုတာ မလွယ်ပါဘူး။ နေ့တိုင်းမှာ စာရေးစားပွဲထိုင်ပြီး တစ်နေ့တာ ဖြစ်ရပ်တွေကို ပြန်နွေးပြီး ဦးနှောက်အလုပ်ပေးရတာပါ။ ဒိုင်ယာရီရေးလို့ ပြန်ရမယ့် အရာကို ကျွန်တော်တို့ မြင်လို့လည်း မရ ၊ ထိတွေ့လို့လည်း မရ။ တစ်ချို့ရက်တွေဆို ဘယ်လိုမှ စာမရေးချင်အောင် ဖြစ်တဲ့ နေ့တွေလည်း ကြုံမှာပါ။

ဒီလို အခက်အခဲတွေကို ဖြတ်ကျော်ပြီး နေ့တိုင်း စာရေးတဲ့ အလေ့အကျင့်ဟာ သင့်ကို ဇွဲကောင်းလာစေပါလိမ့်မယ်။ တကယ်လို့ စာရေးတဲ့ အလုပ်နဲ့ အသက်မွေးမယ်ဆိုရင်တောင် ဒီအလေ့အကျင့်က ကိုယ့်ကို ပြန်အကျိုးပြုမှာပါ။