တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ပြန်မေးသင့်တာက ငါ ဘာလို့အခုထိ မအောင်မြင်သေးတာလဲ ဆိုတာပါပဲ။ ဒီမေးခွန်းအတွက် အဖြေရှာရခက်ရင် အောက်မှာပါတဲ့ အချက်အလက်တွေက ပြန်ဖော်ပေးမှာပါ။

Photo : Freepik
(၁) ရည်ရွယ်ချက် ပန်းတိုင်ကို မရောက်တဲ့ အကြောင်းတစ်ခုက ကိုယ့်ပန်းတိုင်ကို ပြတ်ပြတ်သားသား အာရုံ မစိုက်နိုင်တဲ့ အချက်လည်း ပါပါတယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒ ရှိရိုးမှန်ရင် အဲဒီဆီကို သွားဖို့အတွက် အာရုံပြည့်ထားရမှာပါ။
(၂) ဒီနေ့အလုပ်လုပ် နောက်တစ်နေ့ အောင်မြင်မယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ရှိပါတယ်။ တကယ်တမ်းမှာတော့ ခဏခဏ လဲကျ ၊ လွဲမှားတဲ့ အဖြစ်တွေက ကျွန်တော်တို့နဲ့ အနီးဆုံးမှာ အမြဲလိုလို ရှိပါတယ်။ ပန်းတိုင်တစ်ခု ထားရင် တစ်ခါတည်း တွေးရမှာက ရှုံးနိမ့်နိုင်တယ်။ ဒါကို ဘယ်လို ပြင်ဆင်မလဲဆိုတာပါပဲ။ အချက်အလက် ၊ သတင်းအဆက်အသွယ်တွေနဲ့ အဆက်မပြတ်စေပါနဲ့။ ခေတ်ထဲမှာ စီးမျောရုံ မဟုတ်ဘဲ ခေတ်ရေစီးကို ငုံ့ကြည့်နိုင်ဖို့ ကြိုးစားပါ။
(၃) တိကျတဲ့ လုပ်ငန်းအစီအစဉ် ရှိခြင်းဟာ စိတ်အားလည်း ဖြစ်စေသလို တစ်ခုခု မှားသွားချိန်မှာလည်း ပြန်ပြီး နာလန်ထူဖို့ အဆင်သင့်ဖြစ်စေမှာပါ။

Photo : Freepik
(၄) အစီအစဉ်ကို လိုက်နာဖို့ ကိုယ့်ကိုယ်ကို စည်းကမ်းထားဖို့ လိုပါတယ်။ ကိုယ်တိုင်ထားတဲ့ စည်းကမ်းကို စောင့်ထိန်းဖို့က ကိုယ့်ရဲ့ သမာဓိပါပဲ။ သမာဓိရင့်သူတွေသာ အောင်မြင်ပါတယ်။ ကိုယ့်ကိုယ်ကို လိုတာထက် အပျော်မကြူးဖို့ ၊ ကြီးမားတဲ့ အမှားတွေ မလုပ်မိဖို့ အရေးကြီးဆုံးက စည်းကမ်းပါ။
(၅) တစ်ခုခုကို လိုချင်တယ်ဆိုရင် စွဲလမ်းရူးသွပ်ဖို့ လိုပါတယ်။ အထူးသဖြင့် ဘဝမှာ ထိပ်တန်းရောက်ခဲ့သူတွေဟာ ဒီနေရာအတွက် နှစ်ပေါင်းများစွာ အိပ်မက်တစ်ခုထဲပဲ ထူးထူးခြားခြား ရူးသွပ်ခဲ့ကြတာပါ။
