ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု ၊ Startup ကုမ္ပဏီတစ်ခုကို စပြီး တည်ထောင်လိုက်တာဟာ ကိုယ့်အိပ်မက်တွေ တကယ်ဖြစ်လာတာပါ။ ဝန်ထမ်းလုပ်နေတဲ့ သူငယ်ချင်း မိတ်ဆွေတွေကလည်း အားကျ ၊ Facebook ပေါ်မှာလည်း Founder At ဘာညာသာရကာ တပ်လို့ရနဲ့ အစပိုင်းတော့ ဟုတ်နေတာပါပဲ။ ဒီလို စိတ်ကူးယဉ်စရာကောင်းတာလေးတွေက အခက်အခဲတွေ မသေချာမှုနဲ့ ကြုံလာတဲ့အခါ ဘယ်က ဘယ်လို ကောက်ကိုင်ရမလဲမသိအောင် ပျာသွားတတ်ပါတယ်။ ဒီအောက်မှာ ပြောသွားမှာကတော့ Startup တစ်ခု မသေချာမှုနဲ့ ကြုံတဲ့အခါ ဘယ်လို လုပ်သင့်သလဲဆိုတဲ့ အချက်တွေပါပဲ။

pensive man works from home, counts financial data, holds paper documents

(၁) မနက်အိပ်ရာက နိုးလာချိန်မှာ ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ Routine လေးတစ်ခု ထားထားပါ။ အစီအစဉ်တကျ ဖြစ်စေဖို့ ကိုယ့်ကို ဘယ်သူမှ ပုံစံချပေးထားတာ မရှိတာကြောင့် ကိုယ့်ရဲ့ အချိန်ဇယားနဲ့ Requirement ကို ကိုယ့်ဘာသာ စီစဉ်ရမှာ ဖြစ်ပါတယ်။ တစ်နေ့လုံး အစီအစဉ်တကျဖြစ်ဖို့ မနက်ခင်းကနေ စတင်ပါ။

(၂) စွန့်ဦးတီထွင်သူတွေအနေနဲ့ Motivation ရမယ့် အသံထွက်စာအုပ်တွေ ဖတ်တာတို့ ၊ စီးပွားရေးလောက ဦးဆောင်ဦးရွက်ပြုသူတို့ရဲ့ စာအုပ်တွေ ဖတ်တာတို့ လုပ်သင့်ပါတယ်။ အောင်မြင်နေတဲ့ Entrepreneurs သမားတွေ ဖြတ်သန်းခဲ့တဲ့ လမ်းကြမ်းခရီးအကြောင်းဟာ ကိုယ့်ကို ခွန်အားသစ်နဲ့ စိတ်ကူးသစ်တွေ ရရှိစေမှာပါ။

(၃) ပုံမှန်အလုပ်အချိန်ဇယား ပြက္ခဒိန်တစ်ခု ထားတာဟာ အလုပ်တွင်စေမယ့် အချက်ဖြစ်ပါတယ်။ အချိန်ဇယားအတိုင်း အကုန်လုံး အလုပ်ဖြစ်မယ် မဖြစ်ဘူးဆိုတာ မသေချာပေမယ့် အချိန်ဇယားရှိထားတော့ အလုပ်က ပိုပြီး စနစ်တကျ ဖြစ်လာပါတယ်။ အနီးဆုံး တစ်ပတ်စာ ပြက္ခဒိန်ရှိထားမယ်ဆိုရင် ဘယ်သူ့ကို ဘယ်အချိန်မှာ တွေ့ရမယ် ၊ လာမယ့်အပတ် ဘာတွေ လုပ်ရမယ်ဆိုတာကို သိလာပြီး အချိန်အလကား ကုန်မယ့် အဖြစ်ကို ရှောင်ရှားနိုင်မှာပါ။

Millennial asia businessmen and businesswomen meeting brainstorming ideas

(၄) ခေတ်သစ်လူနေမှုဘဝမှာ အားကစားလုပ်ခြင်းဟာ ကိုယ်လက် ကြံ့ခိုင်ရေးအတွက်တင် မဟုတ်တော့ပါဘူး။ စိတ်ရှုပ်ထွေးမှုနဲ့ ဖိအားတွေကို ရှင်းဖို့အတွက်ပါ အရေးပါလာပြီ ဖြစ်ပါတယ်။ စီးပွားရေးမှာ ခေါင်းရှုပ်စရာတွေပဲ ကြုံလာလို့ ဘာလုပ်ရမယ်မှန်း မသိသေးချိန်မှာ Workout လုပ်လိုက်တာဟာ ကိုယ်ရောစိတ်ပါ အနားရပြီး ဖိအားတွေ လျော့သွားပါလိမ့်မယ်။

(၅) စီးပွားရေးလုပ်ရာမှာ ရေရှည်ထိရောက်တဲ့ နည်းလမ်းတစ်ခုက စိတ်ကောင်းစေတနာကောင်းထားဖို့ပါ။ ချမ်းသာဖို့နည်းလမ်း အများကြီး ရှိပေမယ့် သမ္မာအာဇီဝနဲ့စိတ်ကောင်းစေတနာကောင်းကို ရှေ့တန်းထားတဲ့ အလုပ်ရှင်တွေက ရလဒ်ပိုကောင်းပါတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်သလို ကိုယ့်ပတ်ဝန်းကျင်ကိုလည်း မြှင့်တင်ပေးပါ။ ကျေးဇူးပြုတတ်သူအတွက် အခက်အခဲ ရှိချိန်မှာ ကူညီမယ့်သူတွေ ပေါ်လာပါလိမ့်မယ်။

Photo : Freepik