ယောကျာ်းလေးတစ်ယောက်အတွက် အသက် ၃၀ ကျော်ကျော်လေးနဲ့ ဆံပင်ပါးပြီး ထိပ်ပြောင်တဲ့ ဘဝက အတော်လေး ဆိုးပါတယ်။ ထိပ်ပြောင်ခြင်းဟာ မျိုးရိုးလိုက်တတ်တယ်ဆိုပေမယ့် အစားအသောက်နဲ့ ကျန်းမာတဲ့ ဆံပင်တွေ ဖြစ်အောင် ထိန်းထားလို့ ရပါတယ်။
(၁) သံဓာတ်

Photo : Freepik
သံဓာတ်အားနည်းခြင်းဟာ အမျိုးသားတွေအတွက် ဆံသား ဆုံးရှုံးခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုပါပဲ။ သံဓာတ်အားကောင်းဖို့ စားသင့်တာက အမဲသားဖြစ်ပါတယ်။ အမဲသားဟာ သံဓာတ်အပြင် ပရိုတိန်းဓါတ်လည်း ကြွယ်ဝတာကြောင့် ဆံပင်အုံထူပြီး ဆံပင်ကျွတ်တာ လျော့နည်းစေမှာပါ။ အမဲသားမစားသူတွေကတော့ သံဓာတ်အားဖြည့်ဆေးတွေ မှီဝဲနိုင်ပါတယ်။
(၂) ပရိုတိန်း

Photo : Freepik
ဆံပင်ဟာ Keratin လို့ ခေါ်တဲ့ ပရိုတိန်းတစ်မျိုးနဲ့ ဖွဲ့စည်းထားတာပါ။ ပရိုတိန်းဓါတ်အားနည်းတဲ့ သူမှာ ဆံပင်ရှည်နှုန်း နှေးကွေးပါတယ်။ ပရိုတိန်းကို အမဲ ၊ ဝက် ၊ သိုးသား ၊ ငါးနဲ့ ကြက်သားတွေ စားသုံးနိုင်ပါတယ်။ ပင်လယ်စာထဲကတော့ ပုဇွန် ၊ ဆယ်လ်မွန်ငါးတွေ စားပေးနိုင်ပြီး ဥအမျိုးမျိုး ၊ ပဲနဲ့ ဒိန်ချဉ်တွေကလည်း ပရိုတိန်းကြွယ်ဝပါတယ်။
(၃) Omega-3 Fatty Acid

Photo : Freepik
ကျန်းမာတဲ့ အဆီတွေ လုံလောက်အောင် မစားရင်လည်း ဆံပင်ပျက်စီးတတ်ပါတယ်။ ဆယ်လ်မွန်လိုငါးတွေမှာ အိုမီဂါ 3 ဖက်တီးအက်စစ် အမြောက်အများ ပါဝင်တာကြောင့် ဆံပင်ရဲ့ အဆီဂလင်းမှာ လိုအပ်တဲ့ အဟာရကို ထောက်ပံ့ပေးနိုင်မှာပါ။ ဆာဒင်း ၊ ပုစွန် ၊ ပင်လယ်ငါးတွေနဲ့အတူ အစိမ်းရောင်ပဲသီးတွေမှာလည်း အိုမီဂါ ဖက်တီးအက်ဆစ် ပါဝင်ပါတယ်။
(၄) Biotin

Photo : Freepik
ဗိုက်တာမင် ဘီဆဲဗင်း လို့ လူသိများတဲ့ Biotin ဟာ ဆံပင်ပြန်ပေါက်အောင် ဖြည့်စွက်အစာအဖြစ် စားရတဲ့ ဓာတ်ဖြစ်ပါတယ်။ ထောပတ်သီး ၊ ပန်းဂေါ်ဖီ ၊ ကြက်ဥအနှစ်နဲ့ အသည်းတွေမှာ Biotin ဓာတ်ကြွယ်ဝပါတယ်။ Biotin ဟာ ဆံပင်သန်စွမ်း ကျန်းမာစေရုံတင်မဟုတ်ဘဲ သွေးတွင်း သကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိတာနဲ့ နှလုံးရဲ့ လုပ်ဆောင်ချက်တွေကိုပါ တိုးတက် ကောင်းမွန်စေပါတယ်။ ဗာဒံသီး ၊ သစ်ကြားသီးတို့လို အခွံမာသီးတွေကလည်း ဆံပင်အားကောင်းစေတဲ့ အစေ့အဆန်တွေ ဖြစ်ပါတယ်။
