တစ်နေ့တာလုံး လှုပ်ရှားခဲ့သမျှအတွက် ညဟာ နားခိုမှေးစက်ရာတစ်ခုပါ။ ညတွေဟာ ကိုယ့်ရဲ့ တစ်နေ့စာ သင်ကြားမှုတွေ ပြန်လည် သုံးသပ်ဖို့ အကောင်းဆုံး အချိန်ဆိုလည်း မမှားပါဘူး။ တိုးတက်အောင်မြင်နေတဲ့ လူတွေဟာ သူတို့ရဲ့ ညအိပ်ယာဝင်ခါနီးအချိန်လေးရဲ့ အဖိုးတန်မှုကို ကောင်းကောင်း အသုံးချခဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ ညဘက် အိပ်မပျော်ခင် သူတို့ကိုယ် သူတို့ ဘယ်လို ပြန်သုံးသပ်ခဲ့သလဲ။

man wearing pajama sitting on house floor confused

Photo : Freepik

နေ့ရက်တိုင်းဟာ အခွင့်အလမ်းတွေနဲ့ အခက်အခဲတွေ ယူဆောင်လာခဲ့ပါတယ်။ ဒါတွေထဲက ဒီနေ့ငါ ဘာရခဲ့သလဲ ဆိုတာကို ပြန်ပြီး Review လုပ်ဖို့ လိုပါတယ်။ တကယ်လို့ ဒီနေ့မှာ အမှားတစ်ခု လုပ်ခဲ့မိတယ် ၊ အခွင့်အလမ်းတစ်ခု လက်လွှတ်စေခဲ့တယ်ဆိုရင် ဒါမျိုး အရင်က ဖြစ်ဖူးသလား။ ဒါဘာကြောင့် ဖြစ်ရတာလဲ ကိုယ့်ကိုယ် ပြန်ဆန်းစစ်ရမှာပါ။ ဒီနေ့ ကိုယ့်မှာ လိုအပ်တဲ့ ကျွမ်းကျင်မှုသစ်တွေ မြင်ခဲ့သလား ၊ အစီအစဉ်ဆွဲတာ ညံ့ဖျင်းခဲ့သလား ၊ လူမှုဆက်ဆံရေးမှာ အမှားလုပ်မိခဲ့သလားဆိုတာတွေကို ဒီမေးခွန်းကနေ ဆင့်ပွားပြီး မေးရမှာ ဖြစ်ပါတယ်။

အကောင်းမြင်ဖို့ ဆိုတာ အရေးကြီးပါတယ်။ ကိုယ့်နေ့ရက်တွေမှာ မပျော်မရွှင်ဖြစ်ရ ၊ ခက်ခဲရတယ်လို့ ခံစားရတိုင်း ကောင်းတဲ့ ဘက်က ကြည့်ဖို့နဲ့ ကောင်းတဲ့ အရာတွေ ပိုလုပ်ပေးဖို့ လိုပါတယ်။ ကျေးဇူးတင်တတ်တဲ့ အလေ့ ၊ ကိုယ့်ကိုယ်ကို လေးစားရိုသေပြီး မျှော်လင့်ချက်ထားတဲ့ အကျင့်နဲ့အတူ စိတ်ခွန်အားမွေးထားတဲ့ သူတွေဟာ သူများတွေထက် ပိုပြီး အောင်မြင်တဲ့ လမ်းကြောင်းပေါ် လျှောက်နိုင်မှာပါ။

ဒီနေ့ကနေ ငါဘာရခဲ့သလဲ ဆိုတဲ့ မေးခွန်းလိုပဲ ဒီနေ့ ငါ သူများတွေအတွက် ဘာလုပ်ပေးခဲ့သလဲဆိုတာကို ပြန်ကြည့်ပါ။ လူတစ်ဖက်သားအတွက် အကျိုးဆောင်ပေးသူတွေဟာ ဘဝမှာ ပိုပြီး နေပျော်သလို သူတို့အတွက်လည်း အထောက်အပံ့ပေးမယ့် သူတွေနဲ့ ပြန်တွေ့ရတတ်ပါတယ်။ တစ်ခြားသူတွေအတွက် တံခါးဖွင့်ပေးထားပါ။ ကောင်းတဲ့အရာတွေ မျှဝေပါ။ စိတ်ရှည်ရှည်နဲ့ နားထောင်ပေးလိုက်ပါ။ အများအတွက် ကောင်းတာ လုပ်ပေးခဲ့တဲ့ အတွက် ကိုယ်လည်း စိတ်ချမ်းသာရသလို ကိုယ့်ကိုယ်ကို ပြန်တွေးတိုင်းလည်း နောင်တနဲ့ ဝမ်းနည်းစရာ မရှိတော့ပါဘူး။ အနည်းဆုံးတော့ သူတစ်ပါးအကျိုးရှိအောင် လုပ်ပေးတာ ကိုယ့်အတွက်ကိုယ် ချမ်းသာအောင် ထားတာလည်း ဖြစ်ပါတယ်။

Handsome shirtless man laying on bed and have positive thinking with looking away.Photo : Freepik

အိပ်မက်တွေက အိပ်ရာထဲမှာတင် အဆုံးသတ်သွားတာမျိုး မဖြစ်ပါစေနဲ့။ ကိုယ့်ရဲ့ ဒီနေ့စိတ်ကူးဟာ နောင်တစ်နေ့နေ့မှာ အကောင်အထည်ပေါ်ရမယ်ဆိုတဲ့ ခံယူချက်ကို မွေးနေပါ။ ဒီအတွေးကိုလည်း အမြဲမွမ်းမံတည်ဆောက်ထားပါ။ တစ်နေ့မှာ တစ်လှမ်းပဲ ရောက်ဦးတော့ နေ့တိုင်းမှာ ကိုယ့်ပန်းတိုင်ဆီ သွားနေတာ သေချာပါစေ။

ကိုယ့်ရဲ့ စိတ်ကို ပြင်ဆင်ဖို့အတွက် ဒီည အချိန်ရပါတယ်။ မနက်ဖြန်အတွက် အစီအစဉ်တစ်ခုကို ဆွဲဖို့ ဒီည ဒီအချိန်ဟာ အကောင်းဆုံးပါပဲ။ ကောင်းကောင်းအိပ်၊ မနက်ဖြန်ကို စိတ်ကူးမှာ လှလှလေး မြင်နေပါစေ။ ယုံကြည်မှုရှိရှိနဲ့ ကိုယ့်ကိုယ်ကို ဘာတွေ တည်ဆောက်ဖြည့်ဆည်းရမလဲဆိုတာ အိပ်ခါနီး နောက်ဆုံးမေးခွန်းအဖြစ် ကိုယ့်ကိုယ်ကို မေးပြီး နှစ်နှစ်ခြိုက်ခြိုက် ကျေကျေနပ်နပ်နဲ့အိပ်လိုက်ပါ။
ဒီမေးခွန်းတွေကို နေ့တိုင်း မေး ၊ နေ့တိုင်းကိုယ့်ကိုယ်ကို ပြင်သွားမယ်ဆိုရင် ပိုကောင်းတဲ့ဘဝမှာ နေပျော်တဲ့သူတစ်ယောက် ဖြစ်လာမှာပါ။