ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြင်သစ်နောက်ခံကစားသမား ဗာရန်းအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၇၀ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့လတွေမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ Sky Italia ရဲ့ သတင်းအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် ရီးရဲလ်မက်ဒရစ်အသင်းကို ယူရိုသန်း ၄၀ + ဆုကြေးငွေနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Real Madrid for Raphael Varane

Photo: fourfourtwo

ရီးရဲလ်မက်ဒရစ်ဟာ နောက်ခံကစားသမားအတွက် ယူရိုသန်း ၇၀ ဝန်းကျင် ရရှိချင်နေတာဖြစ်ပြီး ဗာရန်းက ရီးရဲလ်မက်ဒရစ်နဲ့ လက်ရှိစာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ ဒါကြောင့် စပိန်လာလီဂါထိပ်သီးအသင်းကြီးအနေနဲ့ ပြင်သစ်နောက်ခံကစားသမားကို လာမယ့်နှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရမယ့်အရေးကို ရှောင်လွှဲနိုင်ဖို့ ယခုနွေရာသီမှာ မဖြစ်နေ ထုတ်ရောင်းသွားဖွယ်ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့လမှာ ဆာဂျီယို ရာမို့စ် ထွက်ခွာသွားပြီးတဲ့နောက်ပိုင်း ဗာရန်းကို ထိန်းသိမ်းထားချင်တဲ့ဆန္ဒရှိနေပေမယ့် ယူနိုက်တက်ပစ်မှတ်က လက်ရှိအချိန်အထိ စာချုပ်သက်တမ်းတိုးဖို့ အရိပ်အယောင်မပြသေးတာကြောင့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ ယုံကြည်ရပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း ယခုနွေရာသီမှာ အသင်းရဲ့ ထိပ်တန်းဦးစားပေးခေါ်ယူမှုအဖြစ် ဗာရန်းကို သတ်မှတ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ဆန်ချိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာနိုင်ခဲ့တာကြောင့် လက်ရှိမှာတော့ ပြင်သစ်နောက်ခံကစားသမားဆီကို အပြည့်အဝ အာရုံစိုက်သွားတော့မှာဖြစ်ပါတယ်။