အီတလီအသင်းဟာ အင်္ဂါနေ့ညက စပိန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် အီတလီဝါရင့်နောက်ခံကစားသမား ဘိုနူချီဟာ ကွင်းလုံခြုံရေးရဲ့ အမှတ်မှားမှုကြောင့် ရယ်ရခက် ငိုရခက်ဖြစ်ခဲ့ရပါတယ်။

ရောဘတ်တို မန်ဆီနီရဲ့ အီတလီအသင်းဟာ အင်္ဂါနေ့ညက ဝင်ဘလေမှာ စပိန်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ပင်နယ်တီအဆုံးအဖြတ်မှာ ၄-၂ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အီတလီကစားသမားတွေဟာ ဝင်ဘလေအထိ လိုက်ပါအားပေးခဲ့တဲ့ ပရိသတ်တွေနဲ့ အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။ အီတလီကစားသမားအများစုဟာ အင်္ဂလန်ကွင်းထဲက ထူးခြားတဲ့အခိုက်အတံ့ကို မျှဝေဖို့ ပွဲကြည့်စင် အောက်ဆုံးအတန်းကို သွားရောက်ခဲ့ကြပြီး ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။

The Incredible Moment Steward Thought Leonardo Bonucci Was A Fan And Grabbed Him

Photo: Yahoo Sport Australia

ဘိုနူချီကလည်း အဲဒီကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်အပြီး ပျော်ရွှင်စွာနဲ့ ပရိသတ်တွေရှိရာကို သွားရောက်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘိုနူချီဟာ ကွင်းအတွင်း ပြန်လည်ဝင်ရောက်ဖို့ လုပ်တဲ့အချိန်မှာ ကွင်းလုံခြံုရေးက ကွင်းအတွင်း ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ ပရိသတ်တစ်ဦးအထင်နဲ့ ဆွဲထားခဲ့တာကြောင့် နဝေတိမ်တောင်ဖြစ်သွားခဲ့ရပြီး ယင်းဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီးနောက် ယူရိုရဲ့အကောင်းဆုံးအခိုက်အတံ့တွေထဲက တစ်ခုတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကွင်းလုံခြံုရေးရဲ့ ဆွဲဖမ်းထားခြင်းကို ခံနေရတဲ့အချိန်မှာ ဖြစ်နေတဲ့ ဘိုနူချီရဲ့ မျက်နှာအမူအရာက ပရိသတ်တွေအတွက် ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ရတာဖြစ်ပါတယ်။