အနှိပ်ပညာဟာ ရှေးကတည်းက ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေအကြားမှာလည်း Shiatsu ဆိုတဲ့ လက်နှိပ်ပညာဟာ ခေတ်စားပါတယ်။ Shiatsu ဟာ တခြားသူ အကူအညီမလိုဘဲ ကိုယ့်ဘာသာ လုပ်နိုင်တဲ့ အရိုးရှင်းဆုံး အနှိပ်လေ့ကျင့်ခန်း ဖြစ်ပါတယ်။

Shiatsu ဟာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ကျန်းမာရေး အကျိုးကျေးဇူးများတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ Shiatsu လေ့ကျင့်ခန်းတွေကို စိတ်ဖိစီးမှု သက်သာလျော့ပါးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကြသလို အရိုးအဆစ် နာကျင်မှုကို ကုစားဖို့ အသားအရည်နုပျိုတင်းရင်းစေဖို့ဆိုတဲ့ သဘောနဲ့လည်း လုပ်ကြပါတယ်။ ထိရောက်မှု ရှိလို့ အိမ်တွင်းနည်းအနေနဲ့ သုံးလေ့ရှိပါတယ်။

Shiatsu

Photo: massage2book
တကယ်တော့ Shiatsu ကို ဘာသာပြန်တဲ့အခါ Finger Pressure လက်ချောင်းဖိအားလို့ တိုက်ရိုက်အဓိပ္ပါယ် ထွက်ပါတယ်။ Shiatsu ကုထုံးဟာ လက်ချောင်းနဲ့ ထောက်တာ ၊ ဖိတာ ၊ ဆွဲဆန့်တာ နဲ့ ပွတ်သပ်တာတွေ ပါပါတယ်။ Shiatsu ကုထုံးနည်းဟာ ဂျပန်မှာ ၁၉၀၀ ပြည့်လွန်နှစ်တွေက စတင် ပေါ်ပေါက်လာခဲ့တာပါ။ အဓိကကတော့ လက်ချောင်း လက်ညှိုး ၊ လက်မနဲ့ လက်ဖဝါးကို အားပြုပြီး ကိုယ်ခန္ဓာပေါ်က နေရာတွေမှာ ဖိအားကို သုံးလိုက်တာ ဖြစ်ပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူးအနေနဲ့ Shiatsu က ပေးတာ အတော်လေး များပါတယ်။ စိတ်ဖိစီးနေသူတွေနဲ့ စိတ်ရှုပ်ထွေးနောက်ကျိနေသူတွေကို Shiatsu ကုထုံးနဲ့ ကုလိုက်ရင် သိသိသာသာ သက်သာပါတယ်။ ကြွက်သားနဲ့ အရိုးအဆစ် ဒဏ်ဖြစ်နေသူတွေလည်း ဒီကုထုံးက ကောင်းပါတယ်။ မောပန်းလွယ်နေသူတွေ ၊ ညည အိပ်မရ ဖြစ်နေသူတွေ ၊ တင်ပါးဆုံနာသူတွေ ၊ ခြေဆစ်လက်ဆစ် ကိုက်သူတွေ ၊ နှာခေါင်းရိုးပိတ်ပြီး ရောင်ကိုင်းနာကျင်နေသူတွေအတွက် Shiatsu ကုထုံးက အတော်လေး အကျိုးများပါတယ်။

Shiatsu-Massage-Special-Miami

Photo: Zyllion

ဒီကုထုံးနဲ့ ကိုယ့်ဘာသာကုမယ်ဆိုရင် အခြေခံ သိသင့်တာလေးတွေလည်း ပြောချင်ပါတယ်။ ဂျပန်ဆေးပညာမှာ အခြေခံအကျဆုံးသဘောတရားက ချီ (Qi) သဘောတရားဖြစ်ပါတယ်။ ချီ ဟန်ချက်မညီရင် အအေးမိ ၊ တုပ်ကွေး ၊ ခေါင်းကိုက် ၊ ကိုယ်လက်ကိုက်ခဲ ၊ ကြွက်သားနာကျင်မှုနဲ့ အစာမကြေတဲ့ ဝေဒနာတွေ ဖြစ်တတ်ပါတယ်။ Shiatsu ကုထုံးဟာ ကိုယ်တွင်းမှာ ရှိတဲ့ ချီ စီးဆင်းမှုကို လှုံ့ဆော်ပြီး ဟန်ချက်ညီအောင် လုပ်ပေးပါတယ်။

Shiatsu ဟာ ချီ ကို Harmonize လုပ်ပေးတာကြောင့် လူရဲ့ စိတ်ပိုင်းရုပ်ပိုင်း နေရတာ ကျန်းမာပျော်ရွှင်စေပါတယ်။ Shiatsu ကုထုံးကို ပုံမှန် လုပ်ပေးသွားမယ်ဆိုရင် ကျန်းမာသုခရပြီး ရုပ်ရည်နုပျိုမှုပါ ဖြစ်စေမှာပါ။