အရက်နာကျတယ်လို့ ပြောပြောနေကျတဲ့ Hangover ဖြစ်ရင် အတော်ခံရခက်ပါတယ်။ အရက်နာဆိုတဲ့အတိုင်းပါပဲ။ Hangover ဆိုတာ ယမကာနဲ့ ဆက်စပ်နေတဲ့ ဝိုင် ၊ ဘီယာနဲ့ ပေါင်းခံထားတဲ့ အရက်တစ်မျိုးမျိုး သောက်ရာကနေ မအီမသာခံရခက်တဲ့ ဝေဒနာခံစားရတာကို ပြောတာပါ။

ဘယ်သူမဆို အရက်နာကျရင် ခေါင်းကိုက်ပြီး ငေါင်နေတာ ၊ အာရုံစိုက်မရဘဲ ပါးစပ်တွေ ခြောက်ကပ်ပြီး မူးရိပ်ရိပ်ဖြစ်တာ ၊ နုံးချိနေတာမျိုးလည်း ဖြစ်တတ်စမြဲပါပဲ။ စိတ်ဝင်စားစရာကောင်းတာက အရက်နာကျတဲ့ဒဏ်ဟာ အရွယ်ပေါ်လိုက်ပြီး ပိုဆိုးနိုင်တယ်လို့လည်း လေ့လာမှုသစ်တွေမှာ ဖော်ပြထားခြင်းပဲ ဖြစ်ပါတယ်။ Entity Health က လုပ်ထားတဲ့ ကျန်းမာရေးစစ်တမ်းထဲမှာ ဩစတြေးလျအမျိုးသားတွေရဲ့ အရက်နာကျတဲ့ အချက်အလက်တွေအပေါ် လေ့လာဖော်ပြထားပါတယ်။

beer-party-with-friends-home-international-beer-day-concept

Photo: Freepik

ဒီလေ့လာချက်အရ ဩဇီသားတွေရဲ့ လေးပုံတစ်ပုံနီးပါးဟာ ပုံမှန် Hangover ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ အသက် ၃၀ တန်းသမားတွေထဲက ၄၄% ဟာ အနည်းဆုံး တစ်လတစ်ကြိမ်တော့ အရက်နာကျတဲ့ ဒဏ်ကို ခံစားရတယ်လို့ ဆိုပါတယ်။ အသက် ၁၈ ကနေ ၂၉ နှစ်အတွင်း အမျိုးသားတွေရဲ့ ၃၅% က အရက်နာကျတဲ့ ဒဏ်ခံရချိန်မှာ ၃၀ တန်းသမားတွေက ပိုပြီး Hangover ဖြစ်လေ့ရှိတာလို့ ဆိုပါတယ်။

“လေ့လာမှု ရလဒ်တွေအရ အသက် ၃၀ တန်းသမားတွေဟာ အရက်သောက်နှုန်းအမြင့်ဆုံးဖြစ်လာပြီး ဒါကပဲ ကျွန်တော်တို့ ခန္ဓာကိုယ်က ပိုလျှံအယ်လ်ကိုဟောတွေရဲ့ ဒဏ်ကို အလွယ်တကူပိုခံစားရတဲ့ အချိန်လည်း ဖြစ်နိုင်ပါတယ်။” လို့ Entity Health ရဲ့ အတိုင်ပင်ခံ အာဟာရရေးရာပညာရှင် တာရီ လိုင်ချန်စတိန်းက ပြောပါတယ်။

အသက်ပိုကြီးသွားတဲ့ ၄၀ တန်း သမားတွေဟာ Hangover ဖြစ်တာ နည်းလာပြီး သူတို့ထဲက ၉% လောက်ပဲ အနည်းဆုံးတစ်ပတ်တစ်ခါလောက် သောက်ပြီးရင် အအေးမိချင်သလို နှာစေးချင်သလို ဖြစ်တတ်တာလို့ ဆိုပါတယ်။ တစ်လအတိုင်းအတာနဲ့ဆိုရင် အနည်းဆုံး တစ်လမှာ အရက်သောက်ပြီး နှာစေးချင်သလို ဖြစ်တာက ၂၀% ပဲ ရှိတာလည်း ဖြစ်ပါတယ်။

beer-party-with-friends-home-international-beer-day-concept

Photo: Freepik

Hangover ဖြစ်အောင် အရက်ကို လျှော့သောက်ဖို့ ၊ ရှောင်ဖို့ တိုက်တွန်းထားပေမယ့် ဒီထက် လက်တွေ့ကျပြီး နီးစပ်တဲ့ အဖြေလည်း လိုင်ချန်စတိန်းက အကြံပေးထားပါတယ်။ “ပွဲတော်လို ကာလတွေ ၊ အပေါင်းအသင်းတွေ ၊ ပါတီတွေနဲ့ ကြုံရင်တော့ မသောက်ဘဲ ငြင်းဖို့ တယ်မလွယ်ဘူးလေ။ ဒီလိုဆို နှစ်ခွက် သုံးခွက်လောက်ပဲ သောက်ပါ။ အရက်ချည်းလည်း မသောက်ပါနဲ့ ။ အစားအသောက်တွေ စားပါ။ ရေလည်း သောက်ပါ။ ဒါဆို Hangover ဖြစ်တာ သက်သာပါလိမ့်မယ်။”

လိုင်ချန်စတိန်း ပြောတဲ့အတိုင်း Hangover မဝင်ချင်ရင် အရက်သောက်ရင် ရေများများသောက်ပါ။ ကောင်းကောင်းစားပါ။ ကိုယ်ခံအားနည်းနေချိန်မှာ အရက်မသောက်ပါနဲ့။