လာလီဂါဥက္ကဌ ဇေးဘီးယား တီဘက်စ်က လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်း သို့မဟုတ် မန်ချက်စတာစီးတီးကို ဘာစီလိုနာအသင်းက လစာအတိုင်း ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ငွေနဲ့ပေါက် ခေါ်ယူခံရတာဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တဲ့ ကစားသမားဖြစ်နေသူဖြစ်ပြီး ဘာစီလိုနာမှာ ဆက်နေချင်တယ်ဆိုရင်တော့ အာဂျင်တီးနားကြယ်ပွင့်အနေနဲ့ လစာလျှော့ယူရလိမ့်မယ်လို့ လာလီဂါဥက္ကဌက ယုံကြည်နေတာဖြစ်ပါတယ်။ တီဘက်စ်က အသက် ၃၃ နှစ်အရွယ် ကစားသမားရဲ့ လစာတောင်းဆိုမှုအတိုင်း ပေးချေဖို့ သဘောတူညီတဲ့ ဘယ်လို ပြည်ပကလပ်မဆို ဘောလုံးလောကကို ငွေနဲ့ ပေါက်ပြီး ဖျက်ဆီးနေတာဖြစ်လိမ့်မယ်လို့လည်း သတိပေး ပြောကြားခဲ့ပါတယ်။

Photo: eurosport
“ပြီးခဲ့တဲ့အခြေအနေနဲ့ဆို သူ့ကို ခေါ်ယူလို့ ရနိုင်မှာမဟုတ်ပါဘူး။ အဲဒါက မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဘယ်လို ဥရောပကလပ်အသင်းမျိုးမဆို အဲဒီပမာဏကို ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ တကယ်လို့ သူတို့ပေးနိုင်ခဲ့ရင် အဲဒါက ဘောလုံးလောကကို ငွေနဲ့ ပေါက်ပြီး ဖျက်ဆီးတာဖြစ်ပါလိမ့်မယ်။ အဲဒီလိုသာ တကယ်ဖြစ်ခဲ့ရင် မယုံကြည်နိုင်စရာပါပဲ။ ကျွန်တော်တို့ ကန့်သတ်ချက်ကို သတ်မှတ်ဖို့ လိုအပ်ပါတယ်။ ငွေအလွန်အကျွံသုံးစွဲပြီး ကစားသမားတွေကို ခေါ်ယူတာက ဘောလုံးလောကကို ထိခိုက်ပျက်စီးစေပါတယ်”
ဇေးဘီးယား တီဘက်စ်က ဥရောပကလပ်အသင်းတွေရဲ့ ကြီးမားတဲ့ ငွေကြေးပမာဏ သုံးစွဲမှုဟာ အသင်းတွေက လာတဲ့ ပိုက်ဆံမဟုတ်ဘဲ ကြီးမားတဲ့ငွေကြေးပမာဏ သုံးစွဲမှုက ဘောလုံးစျေးကွက်ထဲမှာ ငွေကြေးဖောင်းပွမှုဖြစ်စေတယ်လို့ ယုံကြည်နေပါတယ်။
“အဲဒါတွေက တကယ့်ပိုက်ဆံတွေမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အသင်းတွေဆီက ပိုက်ဆံမဟုတ်လို့ပါ။ ဘောလုံးကနေ ရတဲ့ ငွေကြေးမဟုတ်တာက ဆိုးရွားတဲ့ ငွေကြေးဖောင်းပွမှုကို ဖြစ်စေပြီး ဘောလုံးလောကကို ပျက်စီးစေတယ်။ ဘာလို့လဲဆိုတော့ ကလပ်တွေက သူတို့ တတ်နိုင်တဲ့ဘဏ္ဍာရေးအခြေအနေထက်ပိုပြီး အပြောင်းအရွှေ့ပြီးမြောက်ဖို့ ရှိသမျှ အားစိုက်ရတော့မှာမို့လို့ပါ။ ကျွန်တော်တို့ အဲဒီလို ဖြစ်နေတာကို တိုက်ပွဲဝင်သွားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
