အယ်လ်ကိုဟောနဲ့ မကင်းနိုင်သူတွေအဖို့ အရက်သောက်ရင် ခန္ဓာကိုယ်ပေါ် ဘာတွေ ဘယ်လို သက်ရောက်မှုရှိသလဲဆိုတာကို သိထားသင့်တယ် ထင်ပါတယ်။ အရက်ဟာ တော်သင့်ရုံ သောက်သုံးရင် ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့အချက်တွေ ရှိထားပေမယ့် များများသောက်ရင် လူမှုဘဝစီးပွားနဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။ အခုတစ်ခေါက် ပြောချင်တာက အရက်သောက်ရင် ကိုယ်ခန္ဓာမှာ ဘာတွေဖြစ်ပြီး ဘယ်လိုတုံ့ပြန်သလဲဆိုတဲ့အချက်တွေပါပဲ။
(၁) စိတ်ဓါတ်ကျဆင်းမှု ပိုဆိုးနိုင်တယ်

Photo: Freepik
အယ်လ်ကိုဟောဟာ ဗဟိုအာရုံကြောစနစ်ရဲ့ နှိုးဆော်လှုံ့ဆွမှုကို လျှော့ချပေးနိုင်တာကြောင့် စိတ်ဓါတ်ကျတာကို သက်သာသွားသယောင်ခံစားမှု ပေးပါတယ်။ စသောက်သောက်ချင်း စိတ်ခံစားမှုကို ပိုမြင့်တက်စေပေမယ့် များများသောက်လေလေ စိတ်ခံစားမှုတွေ ကျဆင်းပြီး ဦးနှောက်ထဲက စိတ်ခံစားမှုဟန်ချက်ကို ထိန်းနိုင်တဲ့ ဓါတုပစ္စည်းတွေ လျော့ပါးစေပြီး Emotional Distress ဖြစ်လာစေနိုင်ပါတယ်။
(၂) စွမ်းအင်ကျဆင်းစေတယ်

Photo: Freepik
အရက်သောက်တာဟာ စွမ်းအင် Level ကို ထိခိုက်ပါတယ်။ ပထမသောက်သောက်ချင်းမှာတော့ အယ်လ်ကိုဟောဟာ သွေးတွင်းသကြား Level ကို မြှင့်ပေးလို့ တက်ကြွတဲ့စိတ် ဖြစ်စေပါတယ်။ နောက်ပိုင်းမှာ Blood Sugar Level ဟာ မြန်မြန်ဆန်ဆန် ကျဆင်းလာပြီး အားနည်းလာတတ်ပါတယ်။ အရက်သောက်ချိန်မှာ အရည်တွေ အများကြီး သောက်နေပေမယ့် ကျောက်ကပ်အလုပ်ပိုလုပ်ရပြီး ရေဓါတ်ခမ်းခြောက်မှုကို ဦးတည်လာနိုင်ပါတယ်။
(၃) တုံ့ပြန်မှုကြာချိန်ကို လျော့ကျစေတယ်

Photo: Freepik
အရက်သောက်ချိန်မှာ ဦးနှောက်နဲ့ ခန္ဓာကိုယ်အကြား သတင်းပို့ချက်တွေ နှေးသွားပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ တုံ့ပြန်မှုကြာချိန်ကလည်း လျော့ကျလာတတ်ပါတယ်။ အယ်လ်ကိုဟောဟာ ဦးနှောက်တွင်း ဓါတုလုပ်ဆောင်ချက်တွေရဲ့ အပြောင်းအလဲနဲ့ တိုက်ရိုက်ဆက်သွယ်နေပါတယ်။ အရက်ကြောင့် ဗဟိုအာရုံကြောစနစ်ကို ဖိစီးရာကနေ ဟန်ချက်မညီမှုတွေ ဖြစ်လာပြီး အာရုံကြောတုံ့ပြန်မှုတွေ တုံ့ဆိုင်းသွားတတ်ပါတယ်။
(၄) ရှက်စိတ်ကို လျော့ပါးစေတယ်

Photo: Freepik
တစ်ဖက်ကကြည့်ရင် အယ်လ်ကိုဟောဟာ လူရဲ့ ရှက်ရွံ့မှုကို ခွာချပေးနိုင်လို့ အတော်အသင့် သောက်ရင် ပြောရဲဆိုရဲ အာသွက်လျှာသွက် ဖြစ်စေနိုင်ပါတယ်။ များရင်တော့ အမှားတွေချည်းပဲ လုပ်မိတတ်ပါတယ်။
(၅) ဆုံးဖြတ်ချက်တွေ မမှန်စေဘူး

Photo: Freepik
ရေရှည် အရက်သောက်လာတဲ့သူတွေရဲ့ ဦးနှောက်ကို လေ့လာရာမှာ ဦးနှောက်ပုံစံပြောင်းသွားတာကို တွေ့ရတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ အထူးသဖြင့် ရှေ့ခြမ်းပိုင်းက ဆုံးဖြတ်မှုနဲ့ အကြောင်းအကျိုးဆင်ခြင်မှုတွေ အဓိကလုပ်တဲ့ ဦးနှောက်အပိုင်းက သိသိသာသာ ပြောင်းသွားတယ်လို့ ဆိုပါတယ်။
ရလဒ်အနေနဲ့ အရက်သောက်ခြင်းဟာ ကားမောင်းတာ ၊ အလုပ်လုပ်တာလိုမျိုး ပုံမှန်လုပ်ဆောင်ချက်တွေမှာတောင် ဆုံးဖြတ်ချက်တွေ မှားယွင်းလာတတ်ပါတယ်။ ဒါကြောင့် အရက်သောက်မယ်ဆို သတိရှိပါ။ အရက်ရဲ့ လူအပေါ် လွှမ်းမိုးသက်ရောက်မှုကို သေချာနားလည်ထားပါ။ ဘယ်တော့မှ အရက်ကို တော်သင့်ရုံထက် ပိုမသောက်ပါနဲ့လို့ အကြံပေးချင်ပါတယ်။
