ယခုအချိန်သည် မိုးရာသီဖြစ်တဲ့အားလျော်စွာ ရာသီတုပ်ကွေးကိုလည်း ကြောက်ရသလို ကိုဗစ်တတိယလှိုင်းရန်ကိုလည်း ကြောက်နေရပါတယ်။ ကျန်းကျန်းမာမာနဲ့ ကိုယ်ခံစွမ်းအားကောင်းမှသာလျှင် ရောဂါပေါင်းစုံအန္တရာယ်မှ ကာကွယ်နိုင်မှာဖြစ်ပြီး ကိုဗစ်ဒဏ်ကိုလည်း ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မှာမဟုတ်လား။
ညဘက်မှာ စောစော အိပ်ရာဝင်ပါ။ အိပ်ရေးဝဝ အိပ်စက်အနားယူပါ။ အာဟာရပြည့်ဝတဲ့အစားအစာများ၊ ကိုယ်ခံစွမ်းအား မြှင့်တင်ပေးတဲ့အစားအစာများကို များများစားသုံးပေးပါ။ ကိုယ်ခံစွမ်းအား မြှင့်တင်ဖို့ရန်အတွက် ဘယ်လိုအစားအစာတွေ စားရမလဲဆိုတာ မသိသေးရင်တော့ ဒီဆောင်းပါးလေးကနေတဆင့် လေ့လာဖတ်ရှုကြည့်လိုက်ပါ။
ဗီတာမင်စီ ကြွယ်ဝသော အစားအစာများ

လိမ္မော်သီး၊ သံပုယိုသီး၊ သံပုရာသီး၊ ပင်မှည့်သီး၊ Grapefruit သီများ များများစားသုံးပါ။ ဗီတာမင်စီသည် သွေးဖြူဥဆဲလ်များ ပွားများလာအောင် ကူညီပေးပြီး ရောဂါပိုးမွှားများကို တိုက်ထုတ်ပေးပါတယ်။
ငရုတ်ပွအနီ

ငရုတ်ပွအနီတစ်လုံးသည် လိမ္မော်သီး တစ်လုံးထက် ဗီတာမင်စီ ၃ ဆ ပါဝင်ပါတယ်။ ဒါ့အပြင် Beta Carotene လည်း ပါဝင်တဲ့အတွက်ကြောင့် ဗီတာမင်အေများ ထုတ်လုပ်ပေးပြီး မျက်စိကျန်းမာရေးနှင့် အသားအရေအလှအပအတွက်လည်း အထူးကောင်းမွန်ပါတယ်။
ပန်းပွင့်စိမ်း

ပန်းပွင့်စိမ်းထဲမှာ ဗီတာမင်အေ၊ စီ၊ အီးနှင့် အမျှင်ဓာတ်များ၊ Antioxidants များ ကြွယ်ဝစွာပါဝင်ပါတယ်။ သူ့ရဲ့အာဟာရဓာတ်များအားလုံးကို ရယူချင်တယ်ဆိုရင်တော့ အကျက်လွန်အောင် မချက်ဘဲ တတ်နိုင်သလောက် မကျက်တကျက်ဘဲ ချက်ရပါမယ်။
ကြက်သွန်ဖြူ

အိမ်တိုင်း အိမ်တိုင်းသည် ဟင်းချက်တိုင်းမှာ ကြက်သွန်ဖြူ ထည့်ချက်လေ့ရှိကြပါတယ်။ ကြက်သွန်ဖြူသည် သွေးတိုးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးပြီး ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးပါတယ်။ ဟင်းချက်တဲ့အခါ ကြက်သွန်ဖြူများများသာ ထည့်ချက်ပါ။
ဂျင်း

ဂျင်းသည် ရောင်ရမ်းခြင်းကို သက်သာစေပြီး လည်ချောင်းနာခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ကိုလက်စတောကို လျော့ချပေးတဲ့အပြင် နှလုံးရောဂါဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးပါတယ်။
ဟင်းနုနွယ်

ဟင်းနုနွယ်ထဲမှာ ဗီတာမင်စီနှင့် Antioxidants များ၊ Beta Carotene များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ပြင်ပမှ ရောဂါပိုးမွှားများကို တိုက်ထုတ်ပေးနိုင်အစွမ်းသတ္တိများ ရှိပါတယ်။ သူသည်လည်း ပန်းပွင့်စိမ်းနဲ့အတူတူပါပဲ။ မကျက်တကျက် ချက်စားပါက သူ့ထဲကအာဟာရများအားလုံးကို ရရှိပါလိမ့်မယ်။
သင်္ဘောသီး

သင်္ဘောသီးသည်လည်း ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတစ်ခုဖြစ်ပြီး နေ့စဉ်စားသုံးသင့်တဲ့ အစားအစာထဲမှာ တစ်ခုအပါအဝင်ပါပဲ။ မှန်မှန်စားသုံးပေးပါက အစာအိမ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ရောင်ရမ်းမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။
ကိုယ်ခံစွမ်းအားမြှင့်တင်ပေးတဲ့အခြားသောအစားအစာများကတော့ ကီဝီသီး၊ Green Tea ၊ ကြက်စွပ်ပြုတ်၊ ပုစွန်၊ ဂဏန်း စတဲ့ အခွံမာ ပင်လယ်စာများ၊ နေကြာစေ့၊ အယ်လ်မွန်စေ့၊ ဒိန်ချဉ် စတဲ့အစားအစာများပဲဖြစ်ပါတယ်။
အထက်ဖော်ပြပါ အစားအစာများ များများ စားသုံးပေးတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေပါ။ အပြင်ထွက်တိုင်း နှာခေါင်းစည်း သေသေချာချာတပ်သွားပါ။ လက်ကိုလည်း မကြာခဏ ဆေးကြောသန့်စင်ကာ ကျန်းမာရေးသတိအပြည့်ဖြင့် နေထိုင်ရပါမယ်။
Source: Healthline.com
