အရက်ကို တန်ဆေး-လွန်ဘေးလို့ ပြောတာ မမှားပါဘူး။ တချို့အရက်တွေဆို အရက်ဆိုတာထက် ဆေးဖက်ဝင်သောက်စရာတစ်မျိုးလို့တောင် ပြောရမတတ်ပါပဲ။ ဒီလို ကျန်းမာရေးအတွက် ဆေးဖက်ဝင်အနွယ်အမြစ်တွေနဲ့ ထုတ်လုပ်ထားတဲ့ ယမကာတွေထဲကမှ နာမည်အကြီးဆုံး ယမကာတချို့အကြောင်း ပြောပြချင်ပါတယ်။
(၁) Unicum

Photo: tasteatlas
ဒီဆေးဖက်ဝင်ယမကာကို ဂျင်း ၊ စမြိတ်မြစ် ၊ စပါးလင် နဲ့ လိမ္မော်ခွံလို အမြစ်အခွံတွေအပါအဝင် ဆေးဖက်ဝင်အပင်အခေါက် အသီးအမြစ်ပေါင်း ၄၀ ပေါင်းစပ်ထုတ်လုပ်ထားတာပါ။ ဆေးဖက်ဝင်ပြီး ခါးသက်ချိုမြတဲ့အနံ့ရအထိ ဝက်သစ်ခြစည်မှာ ၆ လကြာအောင် ထားပါတယ်။
Unicum ကို ၁၇၉၀ လောက်မှာ ချက်နိုင်ငံသား ဒေါက်တာ ဂျောဆက်ဇဝက်ခ်ဆိုသူက အစာအိမ်ဆေးအဖြစ် စပြီး တီထွင်ခဲ့တယ်လို့ဆိုပါတယ်။ ၁၈၄၀ လောက်ကစပြီး ဒီဆရာဝန်ဟာ ပထမဆုံး Zwak Company ဆိုပြီး ထောင်ပြီးနောက် ဒီယမကာကို အကြီးအကျယ် စတင်ထုတ်လုပ်လာတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ကုမ္ပဏီကို ပြည်သူပိုင်သိမ်းခံရတဲ့နောက် ဇဝက်ခ်မိသားစုတွေဟာ နိုင်ငံအတွင်းကနေ ယမကာမူရင်းဖော်စပ်နည်း ဖော်မြူလာနဲ့အတူ ထွက်ပြေးခဲ့တာပါ။
(၂) Sambuca

Photo: tasteatlas
အီတလီဆေးမြစ်စုံအရက်တစ်မျိုး ဖြစ်တဲ့ Sambuca ကို ဈေးကွက်ဝင်ထုတ်ကုန်အဖြစ် ပထမဆုံး ထုတ်လုပ်တာက ၁၈၀၀ ပြည့်လွန်နှစ်လယ်ပိုင်းက ဖြစ်ပြီး ထုတ်လုပ်ရောင်းချသူကတော့ လူဂီမန်ဇီဆိုသူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Molinari ဆိုတဲ့ အမှတ်တံဆိပ်နဲ့ ဒီယမကာဟာ လူသိများလာခဲ့ပါတယ်။ Sambuca မှာ အနံ့အမျိုးမျိုးနဲ့ ထွက်တာ ရှိပြီး အဖြူထည်သက်သက် White Version ကိုတော့ လူကြိုက်အများဆုံး ဖြစ်လာပါတယ်။
Sambuca ကို သူ့ချည်းသက်သက် Neat သောက်နိုင်သလို ရေခဲလေးတွေနဲ့ On The Rocks လည်း သောက်နိုင်ပြီး ရေနဲ့လည်း ရောစပ်သောက်သုံးနိုင်တာပါပဲ။ အီတလီနာမည်ကျော်အဖျော်ယမကာတစ်မျိုးဖြစ်တဲ့ caffe corretto မှာ အက်စ်ပရက်ဆို Shot တစ်ခွက်နဲ့ Sambuca အနည်းငယ်တို့လည်း ထည့်သွင်းဖော်စပ်ထားတာ ဖြစ်ပါတယ်။
(၃) Jagermeister

Photo: tasteatlas
နာမည်ကျော် ဂျာမန်ဆေးဖက်ဝင်ယမကာတစ်ခုဖြစ်တဲ့ Jagermeister ကို ကာ့တ်မတ်စ်ဆိုသူက ၁၉၃၄ ခုနှစ်မှာ ဖော်စပ်တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ကာ့တ်မတ်စ်ဟာ အရက်နဲ့ ရေထဲ စိမ်ထားတဲ့ ဆေးဖက်ဝင်အသီးအမြစ် ၊ အရွက်အခေါက်ပေါင်း ၅၆ မျိုးကို အခြေခံပြီး ဖန်တီးထားတာပါ။ ယမကာကို အယ်လ်ကိုဟော ၊ ကာရာမယ်အရည်ပျစ်ပျစ် ၊ သကြားနဲ့ ရေတွေနဲ့ ပေါင်းစပ်ပြီး အယ်လ်ကိုဟောပါဝင်မှု ၃၅% ရအောင် မလုပ်ခင် ဝက်သစ်ချစည်ထဲ ထည့်ပြီး သက်တမ်းခံပါတယ်။
Jagermeister ရဲ့ logo ကိုတောင် အမဲလိုက်သမားစောင့်ရှောက်တဲ့စိန့်ဟူဘားတပ်စ်ပုံပြင်ထဲက သမင်ချိုအကြား ကြက်ခြေခတ်လက္ခဏာကို ယူပြီး မတ်စ်က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အခုနေမှာတော့ Jagermeister ဟာ နိုင်ငံတကာမှာ ကျော်ကြားတဲ့ ယမကာဖြစ်လာပြီး အများစုကတော့ သူ့ချည်း Shot ကစ်ရတာကို ပိုမွေ့လျော်ကြသလို တချို့ကလည်း Cocktail လုပ်သောက်ရတာကို ပိုသဘောကျကြပါတယ်။
(၄) Chartreuse

Photo: tasteatlas
Chartreuse ဟာ သက်တမ်းအရင့်ဆုံးနဲ့ လူကြိုက်အများဆုံး ပြင်သစ်ယမကာတွေထဲက တစ်ခုဖြစ်ပြီး ၁၈ ရာစုအစက Grande Chartreuse ဘုန်းကြီးကျောင်းကို ရောက်လာတဲ့ ရှေးမူတစ်ခုကနေ ဖော်စပ်လာတာလို့ ပြောစမှတ်ပြုကြပါတယ်။ ၁၇၆၄ ခုနှစ်မှာ ကာတူဆီယန်ဘုန်းတော်ကြီးတွေဟာ ဒီရှေးလက်ရေးမူကို ဘာသာပြန်ရာကနေ ဆေးအဖြစ် အသုံးပြုနိုင်မယ့် ဆေးဖက်ဝင်ဖျော်ရည်တစ်မျိုးကို ဖျော်စပ်နိုင်ခဲ့တာပါ။
၁၈၄၀ မှာ ဒီဖော်စပ်နည်းကို ထပ်ပြီး မွမ်းမံခဲ့ရာကနေ ပိုပြီး ကောင်းမွန်ပြည့်စုံတဲ့ ဆေးဖက်ဝင်ယမကာတစ်မျိုးကို ရလာတာပါ။ Chartreuse ယမကာပထမဆုံး ဗားရှင်းမှာ ဆေးဖက်ဝင်အပင် အမြစ်အဖု အခေါက်နဲ့ ဘယဆေးပေါင်း ၁၃၀ ဝန်းကျင် ပါဝင်ပါတယ်။ ဒီယမကာကိုလည်း ဝက်သစ်ချစည်တွေမှာ သက်တမ်းခံသိုလှောင်မှုလုပ်တာ ဖြစ်ပါတယ်။
(၅) Amaro

Photo: tasteatlas
အီတလီဆေးဖက်ဝင်အရက်တစ်မျိုးဖြစ်တဲ့ Amaro ကို ၁၈၀၀ ပြည့်နှစ်တစ်ဝိုက်က စတင်ပြီး ပေါ်ပေါက်လာခဲ့တာပါ။ ရိုးရာအရ ဆေးဖက်ဝင်တဲ့ အသီးအရွက် ၊ ပန်းပွင့် ၊ အခေါက် ၊ အခွံနဲ့ အမှုန့်တွေကို အရက် ဒါမှမဟုတ် ဝိုင်တွေနဲ့ စိမ်ပြီး အနံ့ပြောင်းအောင် ထားပါတယ်။ ဝက်သစ်ချစည်ထဲ မထည့်ခင်မှာ သကြားရည်နဲ့ အပူပေးပြီး လုံးထားပါတယ်။ အီတလီစကားအရ Amaro ဆိုတာ ခါးတယ်လို့ ဆိုပါတယ်။ ယမကာပဲ ခါးတယ်ဆိုပေမယ့် Amaro ကို ချိုသမြမြခါးလို့ ဆိုကြပါတယ်။
