ကမ္ဘာကျော်ကားကုမ္ပဏီ BMW Group ကတော့ ဂိမ်မာတိုင်းရဲ့ အိပ်မက်ထဲမှာ ထည့်မက်ချင်စရာကောင်းတဲ့ Device ဒီဇိုင်းတစ်မျိုးကို မိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ်။
BMW Group ရဲ့ ဒီဇိုင်းစတူဒီယိုဖြစ်တဲ့ DesignWorks ဟာ Rival Rig လို့ နာမည်ပေးထားတဲ့ အနာဂါတ်ပုံစံ Ultramodern Gaming Chair ဒီဇိုင်းကို ထုတ်ပြလိုက်တာပါ။ ကမ္ဘာကျော်ကားကုမ္ပဏီရဲ့ အတော်ဆုံးအင်ဂျင်နီယာတွေဟာ BMW ကလုပ်တဲ့ esports ပြိုင်ပွဲတစ်ခုဖြစ်တဲ့ BMW Esports Boost ပွဲမှာ အမိုက်စား concept ဒီဇိုင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
Photo: yankodesign
Rival Rig မှာ AI နည်းပညာနဲ့ ထိန်းချုပ်ထားတဲ့ အာရုံခံစနစ်တွေ ၊ လေအိပ်တွေ နဲ့ အီလက်ထရို -မက္ကနီကယ်လက်တံတွေ ပါရှိပါတယ်။ DesignWorks ကတော့ ဒီထိုင်ခုံမှာ ရာသီဥတု ပူရင် အေးအောင် ၊ အေးရင် နွေးအောင် ထိန်းညှိပေးမယ့် Microclimate Control System နဲ့ ထိုင်တဲ့လူအပေါ်လိုက်ပြီး အကောင်းဆုံးနဲ့ သက်တောင့်သက်သာအရှိဆုံး ဖြစ်အောင် ပြုပြင်ပေးမယ့် Adaptive Seating ထိုင်ခုံစနစ်တွေလည်း ထည့်ထားတယ်လို့ ဆိုပါတယ်။
ဒီထုတ်ကုန်ဟာ ဂိမ်ာတွေရဲ့ ကျန်းမာရေးနဲ့အညီ အထူးပြုပြင်ပေးထားတာ ဖြစ်ပြီး အကောင်းဆုံး eSports ကစားမှုကို ပံ့ပိုးပေးဖို့အတွက် သက်တောင့်သက်သာအရှိဆုံးနဲ့ စွမ်းဆောင်ရည်ပိုင်းကို ဦးတည်တဲ့ ဒီဇိုင်းကို သွားတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ထိုင်ခုံမှာ တပ်ဆင်ထားတဲ့ အာရုံခံဆင်ဆာတွေက ထိုင်တဲ့သူရဲ့ကိုယ်နေဟန်ထား ၊ အလေးချိန်နဲ့ ဂိမ်းကစားချိန် စိတ်နေစိတ်ထား စတဲ့ အချက်အလက်တွေကို ရယူစုဆောင်းပြီး ထိုင်ခုံသုံးသူအတွက် အကောင်းဆုံးဖြစ်အောင် အလိုက်သင့် ပြုပြင်နိုင်စွမ်းလည်း ရှိမှာပါ။
Photo: mensgear
Rival Rig ဟာ လူရဲ့ ကိုယ်အပူချိန်ကိုလည်း ထောက်လှမ်းနိုင်ပြီး ပူနေတဲ့ နေရာကို အေးအောင် လေအေးတွေ လွှတ်ပေးမှာပါ။ ဒီခုံမှာ လုပ်ဆောင်ချက်တွေ အမျိုးမျိုး ထည့်ပေးသွားမှာ ဖြစ်ပြီး ဒီထဲမှာ ဂိမ်းကစားသူ စိတ်ဖိစီးမှု ဖြစ်လာရင် ကြွက်သားတွေကို ဖြေလျှော့ပေးမယ့် ခလုတ်တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ Futuristic ဒီဇိုင်း ဖြစ်တဲ့အတိုင်း တကယ့် ဂိမ်းထဲ ရောက်သွားသလို ခံစားရစေဖို့ ထိုင်ခုံတစ်ခုလုံးမှာ RGB အလင်းတွေလည်း ချိန်သားကိုက် ပြေးလွှားနေမှာပါ။
လောလောဆယ်တော့ BMW ရဲ့ Gaming Chair – Rival Rig ဟာ Concept ဒီဇိုင်းပဲ ရှိဆဲဖြစ်ပါတယ်။ နောက်များမှာတော့ ဈေးကွက်ထဲ ဝင်လာမယ့် ထုတ်ကုန်အဖြစ် စောင့်ကြည့်သွားရမှာပါ။