မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပေါ့ဂ်ဘာဟာ အသင်းက ကမ်းလှမ်းတဲ့ စာချုပ်သစ်ကို ငြင်းပယ်ခဲ့တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပေမယ့်လည်း လာမယ့်ရာသီ အသင်းရဲ့ လူစာရင်းထဲမှာ တစိတ်တပိုင်းအဖြစ် ရှိနေလိမ့်မယ်လို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားရဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိမှာဖြစ်ပါတယ်။ မကြာသေးမီက သတင်းတွေရဲ့ ဖော်ပြချက်အရ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ လစာအများဆုံးရ ကစားသမားဖြစ်လာနိုင်တဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ နဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

Ole Gunnar Solskjaer responds to rumours Paul Pogba has rejected new Manchester United contract and wants PSG move

Photo: Skysports

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးရှင်ကို ဒုတိယအကြိမ် တပြားတချပ်မှမရဘဲ လက်လွှတ်ဆုံးရှုံးခံလိုစိတ်မရှိဘဲ အသက် ၂၈ နှစ်အရွယ်ကွင်းလယ်ကြယ်ပွင့်ဟာ ဆယ်ကျော်သက်အရွယ်တုန်းက ဘော့စမန်စည်းမျဉ်းအရ ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားခဲ့သလို လက်ရှိမှာလည်း ပီအက်စ်ဂျီကို ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ပြောဆိုမှုတွေရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားက ပေါ့ဂ်ဘာအနေနဲ့ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ နီးစပ်နေပြီဆိုတဲ့သတင်းတွေကို အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုလုပ်ဖို့ ငြင်းဆိုခဲ့ပြီး ၎င်းအနေနဲ့ စာချုပ်သစ်ဆွေးနွေးနေမှုမှာ ပါဝင်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ပေါ့ဂ်ဘာက စာချုပ်သစ်ကို ငြင်းပယ်ခဲ့သလား၊ ယူနိုက်တက်ကရော ပေါ့ဂ်ဘာကို စာချုပ်သစ် သဘောမတူလို့ ရောင်းချဖို့ လိုအပ်နိုင်မလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ဆိုးလ်ရှားက “ပေါလ်နဲ့ပတ်သက်ပြီး အမြဲတမ်း ကောလာဟလတွေက ရှိနေပါတယ်”

“အသင်းနဲ့ ပေါလ်ရဲ့ ကိုယ်စားလှယ်ကြားမှာ ပြောဆိုဆွေးနွေးမှုတွေ ရှိနေပါတယ်။ ကျွန်တော်က သူတို့တွေထဲက တစ်ယောက်ချင်းစီရဲ့အသေးစိတ်ကို မသိတဲ့အတွက် အဲဒီအကြောင်းနဲ့ပတ်သက်ပြီး တကယ်ကို ဘာမှ ပြောစရာမရှိပါဘူး”

Paul Pogba

Photo: manchestereveningnews

ပေါ့ဂ်ဘာအပေါ် ပီအက်စ်ဂျီအသင်းရဲ့ စိတ်ဝင်စားမှုအကြောင်းကို ဆက်လက်မေးမြန်းရာမှာ “အမြဲတမ်း ပေါလ်နဲ့ပတ်သက်တဲ့ ကောလာဟလတွေ ရှိနေပါတယ်။ စိတ်ဝင်စားနေတဲ့ အသင်းတွေကလည်း အမြဲတမ်း ရှိနေပါတယ်”

“ဟုတ်တာပေ့ါ။ ကျွန်တော်တို့ ပေါလ်ကို သူ့ရဲ့အကောင်းဆုံးပုံစံမှာ မြင်တွေ့ခဲ့ရပြီး ပေါလ်ကလည်း ကျွန်တော်တို့ အဲဒါနဲ့ပတ်သက်ပြီး ခံစားခဲ့ရတာကို သိပါတယ်။ သူနဲ့ အလုပ်လုပ်ရတဲ့ ကျွန်တော့်ရဲ့ အချိန်တွေကို ပျော်ရွှင်ကျေနပ်မိခဲ့တယ်ဆိုတာ အမှန်ဖြစ်ပြီး ကျွန်တော်တို့ အတူတူ အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ဆိုးလ်ရှားက တုံ့ပြန်ခဲ့ပါတယ်။