အားကစားသမားတစ်ယောက်အတွက် အသက် ၅၇ နှစ်ဆိုတာ နေဝင်ချိန်ပါပဲ။ အရွယ်ကောင်းစဉ်က ရှာဖွေစုဆောင်းခဲ့တာနဲ့ပဲ အရွယ်ဟောင်းချိန်မှာ ထိုင်စားရတော့မယ့်အချိန်ဆိုလည်း မမှားပါဘူး။ ဘော့ဘီ ဘွန်နီလာဆိုတဲ့ အားကစားသမားကျတော့ တစ်မျိုးဗျ။ သူ့ကျတော့ အနှစ်အစိတ်ကြာအောင် ဇူလိုင် ၁ ရက်နေ့ ရောက်တိုင်း တစ်နှစ်ကို ဒေါ်လာ ၁.၁၉ သန်းကျော် ဘာမှမလုပ်ဘဲ သဲ့ယူနေရုံပါပဲ။

ဒါကြောင့်ပဲ ဇူလိုင် ၁ ရက်နေ့ကို ပျော်ရွှင်စရာ ဘော်ဘီဘွန်နီလာနေ့ (Happy Bobby Bonilla Day) လို့ Baseball Fan တွေက သမုတ်ထားတာပါ။ ဘွန်နီလာဟာ New York Mets ဘေ့စ်ဘောအသင်းက ကစားသမားဟောင်းပါ။ မေဂျာလိဂ်ဘေ့စ်ဘောလောကမှာ ၁၉၈၆ ကနေ ၂၀၀၁ ခုနှစ်အထိ ၁၆ နှစ်ကြာ ကစားခဲ့တဲ့ ပလေယာပါ။ စိတ်ဝင်စားဖို့ကောင်းတာက ၂၀၁၁ ကနေ ၂၀၃၅ ခုနှစ်အထိ တောက်လျှောက် ဇူလိုင် ၁ ရက်နေ့ ရောက်တိုင်း ဘွန်နီလာဟာ New York Mets အသင်းကနေ ဒေါ်လာ ၁ သန်းကျော် ( အတိအကျဆိုရင် ၁၁၉၃၂၄၈.၂၀ ဒေါ်လာ)တန် ချက်လက်မှတ်တစ်စောင် ရခြင်း ပဲ ဖြစ်ပါတယ်။

Happy Bobby Bonilla Day

Photo: vivaelbirdos

ဘော်ဘီဘွန်နီလာဟာ ၁၉၉၂ ကနေ ၁၉၉၄ ခုနှစ်အထိ မေဂျာလိဂ်မှာ လစာအမြင့်ဆုံးကစားသမား ဖြစ်ခဲ့ပြီး တစ်နှစ်ကို ဒေါ်လာ ၆ သန်းကျော် ရခဲ့ပါတယ်။ ဘွန်နီလာဟာ New York Mets မှာ ၁၉၉၉ ခုနှစ်က နောက်ဆုံးကစားခဲ့တာ ဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ The Cardinals အတွက် မေဂျာလိဂ်တွေမှာ ကစားသွားခဲ့တာပါ။ The Mets ကနေတော့ ဘေ့စ်ဘောမကစားဘဲ သူ့အသက် ၇၂ နှစ်အထိ လစာရနေမှာပါ။

၂၀၀၀ ပြည့်နှစ် ရာသီအ‌ရောက်မှာ The Mets အသင်းဟာ အသက်ကြီးလာတဲ့ နောက်တန်းဘေ့စ်ဘောသမားရဲ့ စာချုပ်ထဲက လက်ကျန် ဒေါ်လာ ၅.၉ သန်းကို ပြန်ဝယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စာချက်ဖျက်သိမ်းခကို တစ်လုံးတစ်ခဲတည်း ပေးဖို့ ခက်တာကြောင့် ၈ ရာခိုင်နှုန်း နှစ်စဉ်အတိုးနဲ့ ၂၄ နှစ်ကြာ တစ်နှစ်ချင်းပေးသွားဖို့ လုပ်ခဲ့တာပါ။ အဲ့ဒီအချိန်က Mets ကို ပိုင်တဲ့သူဌေးတွေဟာ လူလိမ်စတော့ခ်သမားတစ်ယောက်ဖြစ်တဲ့ ဘားနီးမက်ဒေါ့ဖ်ရဲ့ အကောင့်မှာ ရင်းနှီးမြှပ်နှံထားတာပါ။ မက်ဒေါ့ဖ်ကလည်း ဆတိုးနဲ့ ဝင်မယ်ဆိုပြီး မက်လုံးပေးထားတာကြောင့် ဖြစ်ပါတယ်။

Bonilla

Photo: CNBC

အချီကြီး ပွမယ်ထင်ပြီးမက်ဒေ့ါဖ်အကောင့်ထဲ ပုံအောခဲ့တာကြောင့် ကစားသမားတွေကို စာချုပ်အတိုင်းပေးရမယ့်ပိုက်ဆံတွေကို နှစ်တိုးနဲ့ ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ ဘော်ဘွန်ဘွန်နီဟာ The Mets အသင်းအပြင် The Baltimore Orioles အသင်းဆီကလည်း တစ်နှစ်ကို ဒေါ်လာ ၅ သိန်းနှုန်း ဇူလိုင် ၁ ရက်နေ့တိုင်း ရနေတာပါ။ Orioles အသင်းကနေ ၂၀၀၄ ကတည်းကနေ ဒေါ်လာ ၅ သိန်း ကို ၂၀၂၉ အထိ နှစ်အစိတ်အကြာ ရမှာပါ။
ဘဏ္ဍာရေးအကြံပေးတွေထြမှာ ဘွန်နီလာရဲ့ ဘဏ္ဍာရေးသမားက အတော်ဆုံးလို့တောင် လက်ခုပ်တီးချီးကျူးရတော့မှာ ဖြစ်ပါတယ်။