“Attitude Is Everything” (သဘောထားက အခရာပဲ) လို့ ပြောကြပါတယ်။ သဘောထားမှန်ကန်ခြင်းဟာ ဘဝကို မှန်မှန်ကန်ကန် နေထိုင်သွားခြင်းပါပဲ။ လူတစ်ယောက်ရဲ့ စရိုက်နဲ့ ဘဝပုံစံကို သူခံယူထားတဲ့ သဘောထားကပဲ ဦးစီးလမ်းပြသွားတာပါ။ ဒါကြောင့် ဘဝကို ဖြောင့်အောင်နေချင်ရင် ၊ အဆင့်အတန်း မြင့်တဲ့သူ ဖြစ်ချင်ရင် မှန်ကန်တဲ့သဘောထား ရှိဖို့ လိုပါတယ်။ အခြေခံအားဖြင့် ကျွန်တော်တို့ လက်ကိုင်ထားသင့်တဲ့ သဘောထားခံယူချက် ၃ မျိုး ရှိပါတယ်။
(၁) အကောင်းမြင်မှု
Photo: Unsplash
Attitude Of Positivity လို့ ခေါ်တဲ့ အကောင်းမြင်စိတ်မရှိရင် ကောင်းမွန်တဲ့အရာတွေ ကိုယ့်ဘဝထဲ ရောက်လာစရာ ရှိမှာ မဟုတ်ပါဘူး။ အဆိုးမြင်စိတ်ဖုံးနေတဲ့ လူတစ်ယောက်အဖို့ မြင်မြင်သမျှဟာ ကောင်းကွက်ရယ်လို့ကို ရှိမှာမဟုတ်ပါဘူး။ ဒါဆိုရင် ဘယ်လိုလုပ် ဘဝရဲ့ လှပတဲ့အခြမ်းကို မြင်နိုင်ပါ့မလဲ။ အကောင်းမြင်စိတ်ဆိုတာ မျှော်လင့်ချက်တွေနဲ့ ပြည့်လျှမ်းနေတဲ့ စိတ် ၊ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းတာလုပ်ဖို့အတွက် တွန်းအားပေးနေတဲ့ စိတ် ၊ လူတွေနဲ့ လောကအပေါ် စောင့်ရှောက်ကူညီချင်တဲ့စိတ် ၊ ကိုယ်ရော သူများကိုပါ ချမ်းသာအောင် ထားချင်တဲ့စိတ်ကို ဆိုတာပါ။ ဒီစိတ်မျိုး ရှိတဲ့သူမှပဲ ဘဝကို ပြည့်ပြည့်ဝဝ နေနိုင်မှာ ဖြစ်ပါတယ်။
(၂) ကျေးဇူးပြုတတ်မှု
Photo: Unsplash
Attitude Of Gratitude ဆိုတာ ကျေးဇူးချီးမွမ်းတတ်တဲ့ မုဒိတာစိတ် ၊ မျှဝေစိတ် ၊ မေတ္တာနဲ့ တုံ့ပြန်တဲ့စိတ်အထာတစ်မျိုးပါပဲ။ ဘဝမှာ ကိုယ်ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေအပေါ် ၊ ကိုယ်နေထိုင်ရှင်သန်ခဲ့ရတဲ့အခွင့်အပေါ် ၊ ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ မိတ်ဆွေ ၊ မိသားစု ၊ လုပ်ဖော်ကိုင်ဖက် ၊ ဆရာသမားတွေအပေါ် နောက်ဆုံး ကိုယ်စီးခဲ့ရတဲ့ ဖိနပ် နဲ့ ကိုယ်ရှုခဲ့ရတဲ့ လေသန့်သန့်လေးအပေါ်အထိ ကျေးဇူးတင်တဲ့စိတ်မျိုးထားနိုင်သူဟာ Attitude Of Gratitude စိတ်ပြည့်ဝတဲ့လူလို့ ဆိုရမှာပါ။ ဒီလို ကျေးဇူးသိတတ်တဲ့စိတ်ဟာ လောကကို လှပအောင် ရေးခြယ်လိုက်တဲ့ ဆေးစက်ကလေးတွေလိုပါပဲ။ ကျေးဇူးနားလည်တဲ့စိတ်ဟာ ကမ္ဘာကြီးကို ပိုပြီး မွေ့လျော်ပျော်ပိုက်စရာ နေရာဖြစ်အောင် ပုံဖော်ပေးပါတယ်။
(၃) အကောင်းဆုံး လုပ်နိုင်မှု
Photo: Unsplash
Attitude Of Greatness ကို ကိုယ်တတ်နိုင်သရွေ့ အခမ်းနားဆုံး အကြီးကျယ်ဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ခံယူတဲ့စိတ်လို့ ဆိုနိုင်ပါတယ်။ လူတွေဟာ တစ်ဆင့်ထက် တစ်ဆင့် ပိုကောင်းတဲ့လူ ၊ ပိုတော်တဲ့ မျိုးဆက် ၊ ပိုပြီး ကြီးမြတ်တဲ့ အနာဂါတ်ကို ဖန်တီးနိုင်တဲ့သူ ဖြစ်အောင်လုပ်ဖို့ ဗီဇစိတ်အရ တာဝန်ရှိပါတယ်။ ကိုယ့်အဖိုးအဖွားတွေထက် ကိုယ့်လက်ထက်မှာ ပိုပြီး တိုးတက်အောင်မြင်ကြီးပွားစည်ပင်အောင် လုပ်ရမယ်လို့ ခံယူချက်ထားတာဟာ ကိုယ့်အတွက်တင် မဟုတ်ဘဲ ကိုယ့်မျိုးဆက် ၊ ကိုယ့်မြို့နယ်နဲ့ ကိုယ့်နိုင်ငံအတွက်ပါ အင်မတန်ကောင်းမွန်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။
ဒီခံယူချက် ၃ မျိုးနဲ့ နေထိုင်သူဟာ သာမန်လူတွေအကြားမှာ ချီးကျူးထိုက်သူ နဲ့ လူတော်တွေအကြားမှာ လေးစားခံရသူဖြစ်လာမှာ အမှန်ပါပဲ။