ဂျူဗင်တပ်အသင်းနည်းပြ အယ်လီဂရီက ၎င်းရဲ့လက်အောက်မှာ လီယိုနာဒို ဘိုနူချီ အသင်းခေါင်းဆောင်ဖြစ်နိုင်တဲ့အခွင့်အရေးကို ခါးခါးသီးသီးငြင်းပယ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တုန်းက အေစီမီလန်ကို ပြောင်းရွှေ့ခဲ့တာကြောင့် အသင်းခေါင်းဆောင်မခန့်နိုင်တာလို့ ပြောကြားခဲ့ပါတယ်။
အယ်လီဂရီဟာ ၂၀၁၉ ခုနှစ်မှာ အသင်းသမိုင်းတလျှောက် အမြင့်မားဆုံးနိုင်ပွဲရာခိုင်နှုန်းကို ရယူပေးပြီး အသင်းကို စွန့်ခွာခဲ့ြ့ီးနောက် ဒုတိယအကြိမ် နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ဖို့ တူရင်ကို ပြန်လာခဲ့သူဖြစ်ပါတယ်။ နည်းပြ ပီယာလိုဟာ ဆိုးရွားတဲ့ရာသီကို ရင်ဆိုင်ခဲ့ရပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း အယ်လီဂရီကို ဂျူဗင်တပ်အသင်းက အင်တာမီလန်အသင်းဆီရောက်နေတဲ့ စကူဒက်တို သရဖူကို ပြန်လည်ရယူပေးဖို့အတွက် နည်းပြအဖြစ် ပြန်လည်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

Photo: sportBible
အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အယ်လီဂရီဟာ ဂျူဗင်တပ်အသင်းကို ပြန်လည်နည်းပြချင်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက အေစီမီလန်အသင်းအတွက် ဂျူဗင်တပ်ကို စွန့်ခွာခဲ့တဲ့ ဘိုနူချီရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေဆဲဖြစ်ပုံရတာကို တွေ့ရပါတယ်။ အီတလီဝါရင့်ဗဟိုခံစစ်ကစားသမားဟာ ၂၀၁၇ ခုနှစ်မှာ အေစီမီလန်အသင်းကို ယူရို ၄၂ သန်းနဲ့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ဗင်ဆန်ဇို မွန်တဲလားရဲ့ အသင်းခေါင်းဆောင်အဖြစ် ချက်ချင်း ခန့်အပ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ဘိုနူချီဟာ ဆန်စီရိုမှာ တစ်ရာသီသာ ကစားပေးခဲ့ပြီး ၂၀၁၈ ခုနှစ် နွေရာသီမှာ ဂျူဗင်တပ်အသင်းဆီ ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဘိုနူချီဟာ ပြီးခဲ့တဲ့ရာသီရဲ့ အဓိကအချိန်တော်တော်များများ ချီလီနီ မပါဝင်နိုင်ခဲ့ချိန်မှာ အသင်းခေါင်းဆောင်အဖြစ် အသင်းကို ဦးဆောင်ခဲ့တာဖြစ်ပေမယ့် နည်းပြ အယ်လီဂရီ လက်အောက်မှာတော့ နောက်ထပ်တစ်ကြိမ် အသင်းခေါင်းဆောင်လက်ပတ်နဲ့ ထပ်မံမြင်တွေ့ရဖွယ် မရှိတော့တာဖြစ်ပါတယ်။
“သူ့ရဲ့ ဂျူဗင်တပ်အသင်းမှာ ကစားခဲ့တဲ့ အတွေ့အကြုံအရ ဒီဘာလာက ဒုတိယအသင်းခေါင်းဆောင်ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘိုနူချီက ဂျူဗင်တပ်ကို စွန့်ခွာသွားခဲ့ပြီးမှ ပြန်ရောက်လာခဲ့တာပါ။ အဲဒီတော့ သူက အစကနေ ပြန်စရမှာပေါ့။ ဒီဘာလာဆီကနေ ကျွန်တော် အများကြီး မျှော်မှန်းထားပါတယ်။ ကျွန်တော် သူနဲ့ စကားလည်း ပြောခဲ့ပြီး သူက အရမ်းစိတ်အားထက်သန်နေပါတယ်”
“အသင်းခေါင်းဆောင်နဲ့ ဒုတိယအသင်းခေါင်းဆောင်ဆိုတာက သူတို့တွေ အသင်းမှာ ဘယ်လောက်ကြာကြာ ကစားခဲ့လဲဆိုတာကို မူတည်ပြီး ဆုံးဖြတ်ခြင်းခံရတာပါ။ အဲဒီတော့ ချီလီနီက အတွေ့အကြုံအရှိဆုံးတစ်ယောက်ဖြစ်ပြီး သူ့နောက်မှာတော့ ဒီဘာလာပါ”

Photo: dailymail
“ဘိုနူချီက တစ်ရာသီ အသင်းကို စွန့်ခွာခဲ့ပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်ကို သူ့ဘာသာ ချခဲ့တာပါ။ အဲဒီတော့ သူ အသင်းခေါင်းဆောင် လက်ပတ် ဝတ်ဆင်ချင်တယ်ဆိုရင် ဆိုင်တစ်ဆိုင်မှာ သွားဝယ်ပြီး လမ်းမပေါ်မှာ အဲဒီလက်ပတ်နဲ့ အသင်းခေါင်းဆောင်လုပ်ပြီး ကစားပေါ့။ အဲဒါကို လီယိုလည်း သိပါတယ်”
“ဂျူဗင်တပ်အသင်းမှာ ကျွန်တော့်ရဲ့ နောက်ဆုံးရာသီတုန်းက မန်ဇူကစ်နဲ့ ခေဒီရာတို့က အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ လီယိုက အသင်းခေါင်းဆောင်ပေးရမယ့်စာရင်းမှာ နောက်ကို ရောက်နေခဲ့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
