လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ်ကို အပြီးသတ် ချုပ်ဆိုဖို့အတွက် နူးကမ့်ကို ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
မက်ဆီရဲ့ စာချုပ်ဟာ ပြီးခဲ့တဲ့ဇွန်လကုန်မှာ သက်တမ်းကုန်ဆုံးသွားခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းကို ကိုပါအမေရိကဖလား အောင်မြင်မှုရရှိအောင် လမ်းပြပေးခဲ့ပြီးနောက် အားလပ်ရက် အနားယူနေခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်း ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ ၎င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူးအနေနဲ့ ယခုနွေရာသီမှာ စာချုပ်သစ်ကို ချုပ်ဆိုဖို့ သဘောတူညီလိမ့်မယ်လို့ ယုံကြည်ချက်ရှိခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ မက်ဆီဟာ လာမယ့်အပတ်မှာ ချုပ်ဆိုမယ့် စာချုပ်သစ်အတွက် လက်မှတ်ရေးထိုးဖို့ စပိန်ကို ပြန်ရောက်နေပြီလို့ SPORT က ဖော်ပြခဲ့ပါတယ်။

Photo: barcablaugranes
မက်ဆီဟာ နူးကမ့်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၅ သိန်းတန်ကြေးရှိတဲ့ စာချုပ်ကို ပိုင်ဆိုင်ခဲ့သူဖြစ်ပေမယ့် ဘာစီလိုနာအသင်းမှာ နောက်ထပ် ၅ နှစ် ဆက်လက်ရှိနေနိုင်ဖို့အတွက် လစာ ၅၀ ရာခိုင်နှုန်းအထိ လျှော့ယူပေးဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေတာကြောင့် ငွေကြေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ၎င်းတို့ရဲ့ ဝင်ငွေထွက်ငွေကို ဟန်ချက်ညီအောင် ပြုလုပ်ဖို့အတွက် လိုအပ်နေခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ လာလီဂါရဲ့တင်းကြပ်တဲ့ လစာပေးချေမှုပမာဏနဲ့ ကိုက်ညီစေဖို့အတွက် ၎င်းတို့ရဲ့ လစာပေးချေနေရတဲ့ပမာဏကို မဖြစ်မနေ လျှော့ချရမှာဖြစ်ပြီး ဘာစီလိုနာဥက္ကဌ လာပေါ်တာက ၎င်းတို့အနေနဲ့ ပြီးခဲ့တဲ့အပတ် ကစားသမားသစ် မန်းဖစ် ဒီပိုင်းကို တရားဝင်ထုတ်ဖော်မိတ်ဆက်ခဲ့တဲ့အချိန်အတွင်း မက်ဆီရဲ့စာချုပ်သစ်နဲ့ပတ်သက်ပြီး နောက်တစ်ဆင့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Photo: Standard
“ကစားသမားက သူ ဆက်နေချင်တယ်လို့ အမြဲတမ်း ပြောခဲ့ပြီး ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။ ရာဖေးလ် ယူစ်တာနဲ့ အလီမနီတို့က အရမ်း အလုပ်ကြိုးစားကြပါတယ်။ ကျွန်တော်တို့ အားလုံးလိုချင်တာက ဘာကာမှာ မက်ဆီ ဆက်နေဖို့ပါပဲ။ နှစ်တွေအများကြီး ဆက်နေဖို့နဲ့ ဒီပိုင်းလိုမျိုး ပါရမီရှိတဲ့ ဘောလုံးသမားမျိုးနဲ့ အတူတူ တွဲကစားပေးဖို့ပါ”
“၂ ဖက်စလုံးက ပြသခဲ့တဲ့ ခံယူချက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အရမ်းကို စိတ်ကျေနပ်ခဲ့ပါတယ်။ အဲဒါက ဒီလို လုပ်ငန်းစဉ်မျိုးမှာ လိုအပ်တဲ့အရာပါ။ လီယိုက အခု အားလပ်ရက် အနားယူနေပေမယ့် သူ့အတွက် သင့်တော်တဲ့ စာချုပ် ရအောင် လုပ်ဆောင်ပေးနေတဲ့ တစ်သင်းလုံးကို ပိုင်ဆိုင်ထားပါတယ်”လို့ လာပေါ်တာက ပြောကြားခဲ့ပါတယ်။
