ဒီနေ့ခေတ်မှာ ပစ်ထားလို့ မဖြစ်အောင် အရေးကြီးလာတဲ့ ပြဿနာတစ်ခုက စိတ်ကျန်းမာရေးပါပဲ။ စိတ်ကျန်းမာရေးဆိုတာ ရုပ်ပိုင်းကျန်းမာမှုလိုပဲ သိပ်အရေးကြီးပါတယ်။ ရုပ်အင်္ဂါကျန်းမာပေမယ့် စိတ်ကျန်းမာရေးထိခိုက်နေရင် ဘယ်လိုလုပ် ကျန်းမာတဲ့ဘဝလို့ ပြောနိုင်ပါ့မလဲ။
စိတ်ဓါတ်ကျဆင်းမှု ၊ စိတ်ဖိစီးမှု ၊ သောကများမှုတွေဟာ ဦးနှောက်ကို အပြောင်းအလဲ ဖြစ်စေပြီး စိတ်ဒဏ်ရာအဖြစ် လူမှုဒုက္ခတွေ ပေးပါတယ်။ အခုခေတ်လို စိတ်ဖိစီးစရာများလွန်းတဲ့ခေတ်မှာ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုမဖြစ်အောင် အထူးပဲ ဂရုစိုက်ဖို့ လိုပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရွှင်လန်းဖို့ ထိရောက်ပြီး လွယ်ကူရိုးရှင်းတဲ့ စိတ်ကျန်းမာရေးအကြံပြုချက်တွေ မျှဝေပေးလိုက်ရပါတယ်။

(၁) အဓိပ္ပါယ်ရှိတဲ့ ဆက်ဆံရေးတွေ ရှိပါစေ

Develop Meaningful Relationships

Photo: Unsplash

အချစ်ရေး ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ မိသားစုရေးတွေဟာ လူရဲ့စိတ်အခြေအနေ အဆိုး/အကောင်းပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ ကိုယ်နဲ့ ဆက်ဆံနေရသူတွေက ကိုယ့်ရဲ့ စိတ်ကို လွှမ်းမိုးမှု ရှိပါတယ်။ စိတ်အတွက် Negative ဖြစ်စေမယ့်လူတွေနဲ့ မပေါင်းပါနဲ့။ ရှောင်ပါ။ ကိုယ့်အတွက် အဓိပ္ပါယ်ရှိတဲ့ Relationship ပဲ ထူထောင်ပါ။

(၂) မှန်ကန်မျှတစွာ စားသုံးပါ

foods and vegetables

Photo: Unsplash

မှန်ကန်ညီညွတ်တဲ့ အစားအသောက် Diet ဟာ သင့်ရဲ့ စိတ်ကျန်းမာရေးအတွက် အဖော်ကောင်းတစ်ယောက်ဆိုတာ မမေ့ပါနဲ့။ နေ့စဉ် စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ ၊ ဆန်လုံးညိုလိုမျိုး ကောက်ပဲသီးနှံတွေနဲ့ ၊ ကြက်သား ၊ ငါး ၊ ကြက်ဥ လို အဆီနည်းတဲ့ ပရိုတိန်းတွေ ပါဖို့ လိုပါတယ်။ သကြားစားသုံးမှု ၊ အငန်စားသုံးမှုတွေ လျှော့ဖို့ လိုပါတယ်။

(၃) လေ့ကျင့်ခန်း လုပ်ပါ

Exercising

Photo: Unsplash

အာဟာရရှိရှိ စားရုံနဲ့ မရပါဘူး။ ကိုယ်ကာယလေ့ကျင့်ခန်းလည်း လုပ်ပေးမှသာ ကိုယ်ကာယရော စိတ်ပိုင်းအရပါ ကျန်းမာကြံ့ခိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် မနက် ၉ – ညနေ၅ နာရီ ရုံးအလုပ်တွေ ထိုင်လုပ်နေရတဲ့ လူတွေမှာ စိတ်ရော ရုပ်ပါ အကြောတွေ ပြေလျော့စေဖို့ ကာယလေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

(၄) အိပ်ရေးဝအောင် အိပ်ပါ

Get Proper Rest

Photo: Unsplash

တစ်နေ့လုံး လှုပ်ရှားသွားလာနေတဲ့ ရုပ်ကိုယ်ကြီးကို အိပ်စက်မှုက အနားပေးပြီး ပြန်လည်သန်စွမ်းအောင် ကူညီပေးတာပါ။ အိပ်စက်ခြင်းဟာ ကိုယ်တွင်းစနစ်တွေ အလုပ်လုပ်တာ မှန်စေဖို့ အချိန်ပေးလိုက်တာ ဖြစ်သလို စိတ်ပိုင်းဆိုင်ရာအရလည်း လိုအပ်တဲ့ရှင်းလင်းမှုတွေ လုပ်ဖို့ စီမံလိုက်တာပါပဲ။ ကျန်းမာတဲ့ အိပ်စက်မှုဟာ တစ်ရက်ကို ၆ နာရီကနေ ၈ နာရီအထိ ဖြစ်ပါတယ်။

ဒီအချက်တွေအပြင် စိတ်ပိုင်းဆိုင်ရာ အားနည်းလာတယ်လို့ ခံစားရရင် ကိုယ်ယုံကြည်ရတဲ့ မိတ်ဆွေတွေကို ရင်ဖွင့်ဖို့ ၊ ကိုယ့်ကိုယ်ကိုယ် ဖိအားများတဲ့ ပတ်ဝန်းကျင်မှာ မထားဘဲ လွတ်လပ်စွာ အနားယူဖို့တို့လည်း လုပ်ပေးသင့်ပါတယ်။