ကားတစ်စီးမောင်းရတာ အင်မတန်အန္တရာယ်များတဲ့ အလုပ်တစ်ခုပါ။ ကားမောင်းနေစဉ်အချိန်တစ်ခုတည်းမှာပဲ အန္တရာယ်များတာမဟုတ်ပါဘူး။ ကားရပ်နားထားချိန်၊ ကားပါကင်ရွေးချယ်ချိန် စတဲ့အခြေအနေများတွင်လည်း သေချာဂရုစိုက်သင့်ပါတယ်။
အခြေအနေအမျိုးမျိုးရှိတဲ့အနက် သင့်အတွက် အန္တရာယ်အများဆုံး အခြေအနေတချို့ကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။
ကားထိုင်ခုံပေါ်က စာအိတ်

သင့်ကားထဲမှာ သင် ကိုယ်တိုင် (သို့) သင့်မိသားစုဝင်များ၊ သူငယ်ချင်းများ ထားခဲ့တာမဟုတ်ဘဲနဲ့ ထူးဆန်းတဲ့စာအိတ်တွေ ရရှိနေပြီဆိုရင် သေချာသတိထားသင့်ပါတယ်။ ထိုစာအိတ်ထဲမှာ သင့်ကားက လုံခြုံမှုမရှိကြောင်း၊ အမြန်စစ်ဆေးဖို့ လိုအပ်ကြောင်း၊ သူတို့ရဲ့ကုမ္ပဏီကို ယုံယုံကြည်ကြည်အပ်နှံကာ စစ်ဆေးသင့်ကြောင်း ကြော်ငြာထားတယ်ဆိုရင် လုံးဝ အလုပ် မအပ်လိုက်ပါနဲ့။ ထိုအခြေအနေနဲ့ ဆင်တူတဲ့ဖြစ်ရပ်မျိုး ကြုံတွေ့ရပါကလည်း ရဲကို အမြန်တိုင်ကြားပြီး သင့်ကားရဲက Alarm စနစ်ကို ယုံကြည်ရတဲ့ Service Center ဖြင့် စစ်ဆေးသင့်ပါတယ်။
ကားရှေ့ဖုံးပေါ်တွင် မသင်္ကာဖွယ်ရာ ရေဘူး တင်ထားတဲ့အခါ

သင့်ကားရဲ့ရှေ့ဖုံးပေါ်မှာ ရေဘူး (သို့) အခြားမသင်္ကာစရာကောင်းသော ပစ္စည်းတစ်ခုခု တင်ထားသည်ကို သင် တွေ့လိုက်တဲ့အခါ ချက်ချင်းပဲ ကားပေါ်ကဆင်းပြီး ထိုပစ္စည်းကို ဖယ်ရှားလိုက်တာမျိုး မလုပ်ပါနဲ့။ ကားဝပ်ရှော့ (သို့) ရဲစခန်းဆီသို့ မောင်းသွားပြီး သင့်ကားပေါ်မှာ GPS နောက်ယောင်ခံစနစ် တပ်ထားခံရပြီလားဆိုတာကို စစ်ဆေးသင့်ပါတယ်။ ထိုနည်းလမ်းကတော့ ပြန်ပေးသမားတွေ လူကုန်ကူးသူတွေ အသုံးပြုနေကြ နည်းလမ်းတစ်ခုဖြစ်လို့ပါပဲ။ သင် ကားပေါ်က ဆင်းပြီး ထိုပစ္စည်းကို ဖယ်ရှားလိုက်မယ်ဆိုရင် သူတို့ရဲ့သားကောင်ဖြစ်သွားပါလိမ့်မယ်။
တက္ကစီမီတာက ပျက်နေတယ်ဆိုရင်

သင်က နိုင်ငံခြားကို ခရီးထွက်တယ်ဆိုပါစို့။ ထိုနိုင်ငံက တက္ကစီကို တားစီးပြီးနောက် တက္ကစီသမားက သူ့ရဲ့တက္ကစီမီတာ ပျက်နေတယ်လို့ပြောရင် ဆက်မစီးပါနဲ့တော့။ မလိုအပ်ဘဲနဲ့ သင့်ကို ဈေး မတန်တဆတောင်းပါလိမ့်မယ်။ အထူးသဖြင့် သင်က ကမ္ဘာ့လှည့်ခရီးသွားပုံစံပေါက်နေရင် ပိုပြီးဈေးမတန်တဆတောင်းခံရနိုင်ပါတယ်။
လမ်းခရီးတစ်ခုခုမှာ ကားပျက်သွားတဲ့အခါ

လမ်းတစ်ဝက်မှာ ကားပျက်တဲ့အခါ မရင်းနှီးတဲ့ သူစိမ်းတစ်ယောက်ဆီကနေ အကူအညီလက်ခံမယ့်အစား ကိုယ် အပ်နှံနေကြ ကားဝပ်ရှော့ကိုသာ ဖုန်းဆက်လိုက်ပါ။ ကိုယ့်ကို ကူညီမယ့်သူစိမ်းက စိတ်ရင်းအမှန်နဲ့ ကူညီတာလည်း ဖြစ်နိုင်သလို ကူပြင်ပေးပြီးခါမှ မတန်တဆဈေးတင်တောင်းတဲ့အခါ သင်ပဲ ဒုက္ခရောက်ရပါလိမ့်မယ်။
သင့်ရဲ့ကားကို ကားအကြီးတစ်စီးနားမှာ မရပ်ထားပါနဲ့

သင့်ရဲ့ကားကို ကားအကြီးတစ်စီးစီးနားမှာ ရပ်ထားခြင်းက မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုတော့မဟုတ်ပါဘူး။ ထိုကားကြီးသည် သင့်ရဲ့မြင်ကွင်းကို ပိတ်ထားတဲ့အတွက်ကြောင့် ထိုကားနောက်မှာ ဘယ်သူတွေရှိနိုင်မလဲဆိုတာ သင် သိနိုင်မှာမဟုတ်ပါဘူး။ မတော်လို့ ရာဇဝတ်သားတစ်ယောက်ယောက်က သင့်ကို အန္တရာယ်ပြုဖို့ ချောင်းနေတာလည်း ဖြစ်နိုင်ပါတယ်။
Source: Brightside.me
