အောင်မြင်ကျော်ကြားမှုဆိုတာ အရင်းအနှီး သိပ်ကြီးတဲ့အရာပါ။ဘဝမှာ အမြင့်ရောက်ဖို့ တချို့တွေ တက်ခဲ့တဲ့ လှေကားက သိပ်အကွေ့ အကောက်များပါတယ်။ အနုပညာလောကလို ထင်ပေါ်ကျော်ကြားဖို့အတွက် သိပ်ပေးဆပ်ရတဲ့လောကမျိုးမှာဆို ပိုပြီးတောင် ခက်ခဲကြမ်းတမ်းမှုတွေ များပြားလှပါတယ်။ ဒီလို ခက်ခဲတဲ့လမ်းကို လျှောက်လှမ်းလာခဲ့တဲ့ အနုပညာသမားတွေထဲကမှ အကသမား Dancers ဘဝကနေ နာမည်ကျော်မင်းသားအဖြစ်ကို ရောက်လာသူ ၅ ဦးအကြောင်း ပြောပြပေးချင်ပါတယ်။
(၁) Vin Diesel

Photo: Allcine
နာမည်ကျော် Fast & Furious မင်းသားကြီး ဗင်ဒီဇယ်ဟာ ဟစ်ပ်ဟော့ပ်အကသမားဘဝကနေ တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ သူဟာ ဘရိတ်ခ်ဒန့်အကသမားတစ်ယောက်အဖြစ် ဘဝစခဲ့တယ်လို့ ဆိုပါတယ်။ ဆယ်ကျော်သက်အရွယ် ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ဘရိတ်ခ်ဒန့်စ် က လာခဲ့တာပါ။ ရက်ပါတစ်ယောက်အဖြစ် ရပ်တည်ဖို့ပါ ကြိုးစားခဲ့ပြီး The Tunnel လို့ ခေါ်တဲ့ နယူးယော့ခ်က Dance Club တစ်ခုမှာတောင်ကလပ်စောင့် ဖြစ်ခဲ့ဖူးပါတယ်။
(၂) Columbus Short

Photo: eonline
ကိုလံဘတ်စ် ကိတ်သ်ရှော့သ်ကို Cadillac Records နဲ့ The Losers ဆိုတဲ့ ရုပ်ရှင်ကားတွေနဲ့ နာမည်ကျော် လူသိများပါတယ်။ ဒီလို ကျော်ကြားတဲ့ ရုပ်ရှင်မင်းသားဘဝမရောက်ခင်က သူဟာ နာမည်ကျော် အဆိုတော်ဘရစ်တနီ စပီးယားရဲ့ Onyx Hotel Tour ရှိုးတွေမှာ နောက်လိုက်အကသမားအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ နောက်တော့ Stomp The Yard မှာ သရုပ်ဆောင်ခဲ့ပြီး ဆုတွေ အများကြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။
(၃) Christian Bale

Photo: madame
Batman မင်းသားတစ်ဦးဖြစ်တဲ့ ခရစ္စရှန်ဘေးလ်လည်း ငယ်ငယ်က ဘဲလေးအကလို့ ခေါ်တဲ့ Ballet ကနည်းကို ဝေးလ်မှာ သင်ခဲ့ဖူးပါတယ်။ ဘဲလေးအကကို သင်ခဲ့တဲ့ တစ်ဦးတည်းသော ယောင်္ကျားလေးဖြစ်လို့ အားလုံးက အာရုံစိုက်ခဲ့မိကြတယ်လို့ သူ့ရဲ့ အတန်းဖော်က အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။ နောက်မှ ရုပ်ရှင်သရုပ်ဆောင်လူရွေးပွဲတွေမှာ ပါဝင်ခဲ့ပြီး ရုပ်ရှင်ရိုက်ကူးခွင့်တွေ ရခဲ့တာပါ။
(၄) Jean-Claude Van Damme

Photo: Allcine
မြန်မာအက်ရှင်ရုပ်ရှင်ပရိသတ်တွေကြားမှာ ဗန်ဒိန်းအဖြစ် ထင်ရှားတဲ့ မင်းသားကြီး ယန်းကလော်ဒီ ဗန်ဒိန်းဟာ ဘဲလေးအကကို ၅ နှစ်ကြာ လေ့လာသင်ယူခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ၁၉၉၃ ခုနှစ်က Chicago Tribune နဲ့ လုပ်တဲ့ အင်တာဗျူးမှာ သူဟာ ဘဲလေးအကရဲ့ ကောင်းကျိုးနဲ့ အားသာချက်တွေကိုပါ ပြောသွားခဲ့ပါတယ်။ ဘဲလေးအကဟာ ကြည့်ရတာ လွယ်တယ်ထင်ရပေမယ့် အတော်လေး ခက်ခဲပြီး နာကျင်မှုကို မျက်နှာမှာ မပေါ်အောင် ထိန်းချုပ်နိုင်မှုနဲ့ အကြောအချဉ်ပြေလျော့မှ ဖြစ်မယ့် အနုပညာဖြစ်သလို သူ့လို ကရာတေးသမားတစ်ယောက်ကို လှုပ်ရှားရ ပိုပြီး သပ်ရပ်အောင် ကူညီပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
(၅) တွမ်ဟော်လန်

Photo: papergeek
အသက် ၂၅ နှစ်အရွယ် တွမ်ဟော်လန်ဟာ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Impossible ရုပ်ရှင်မှ လူသိများလာတာပါ။ နောက်တော့ Marvel ရဲ့ Captain American: Civil War (2016) မှာ အဓိကဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ခွင့် ရလာခဲ့ပါတယ်။ စပိုက်ဒါမန်း စူပါဟီးရိုးသရုပ်ဆောင် တွမ်ဟော်လန်ဟာ ချီးကျူးလောက်တဲ့ အကသမားတစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၀၆ ခုနှစ်က Bill Eilliot The Musical မှာ ကခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။
