ပြီးခဲ့တဲ့နှစ်နဲ့ အခု ၂၀၂၁ ခုနှစ်မှာ တစ်ကမ္ဘာလုံး COVID-19 ကပ်ဆိုက်နေကြပေမယ့်လည်း တချို့လူတွေရဲ့ ချမ်းသာမှုကိုတော့ ရပ်တန့်လို့ မရဘူးလို့ ပြောရမှာပါ။ ကမ္ဘာပေါ်က အချမ်းတကာ့အချမ်းသာဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဓနဥစ္စာဟာ ကပ်ဘေးအတွင်းမှာ ပိုလို့တောင် များပြားလာတာ တွေ့ရပါတယ်။ Forbes မဂ္ဂဇင်းရဲ့ နှစ်စဉ် ဘီလျံနာစာရင်းမှာတော့ ကမ္ဘာ့အချမ်းသာဆုံးလူတွေရဲ့ နေရာနဲ့ ချမ်းသာမှုပါ အပြောင်းအလဲဖြစ်နေတာကို ဖော်ပြထားပါတယ်။

ထူးဆန်းတဲ့အချက်တစ်ခုက ၂၀၂၀ ခုနှစ်မှာ ကြုံခဲ့တဲ့ လူမှုစီးပွားရေးစိန်ခေါ်မှုတွေအကြား ဘီလျံနာဦးရေဟာ ပြီးခဲ့တဲ့နှစ်က ၆၆၀ ဦး ရှိရာကနေ ၂၇၅၅ ဦးအထိ တိုးလာခဲ့သလို ဒီဘီလျံနာတွေရဲ့ ပိုင်ဆိုင်မှုဟာလည်း ဒေါ်လာ ၈ ထရီလီယံကနေ ဒေါ်လာ ၁၃.၁ ထရီလီယံအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဘီလျံနာအားလုံးရဲ့ ၈၆% ဟာ အရင်နှစ်ကထက် ပိုချမ်းသာလာတယ်လို့လည်း Forbes က ဖော်ပြထားလို့ ချမ်းသာတဲ့သူတွေဟာ ခေတ်ပျက်ကြီးအတွင်းမှာလည်း ပိုက်ဆံရှာတတ်တယ်လို့ မှတ်ချက်ချရမှာ ဖြစ်ပါတယ်။

ကဲ ဒီနှစ်အတွက် Forbes ရဲ့ ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာတွေက ဘယ်သူတွေ ဖြစ်မလဲ ကြည့်ရအောင်ပါ။

(၁) ဘားနဒ်အားနော့တ်

bernard-arnault

Photo: manofmany

ပြင်သစ်တန်ဖိုးကြီးဇိမ်ခံဖက်ရှင်သူဌေးကြီး ဘားနဒ်အားနော့ကို နာမည်ကျော် Louis Vuitton ကုမ္ပဏီသူဌေးအဖြစ်လည်း လူသိများပါတယ်။ တကယ်တော့ သူဟာ LV အပြင် Bulgari ၊ TAG Heuer ၊ Hennessy ၊ Sephora နဲ့ Christian Dior စတဲ့ Luxury စီးပွားရေးလုပ်ငန်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီလုပ်ငန်းတွေဟာ နှစ်အလိုက် စတော့ရှယ်ယာဈေး ၃၀% တိုးလာတယ်လို့ ဆိုပါတယ်။

အသက် ၇၂ နှစ် ရှိပြီဖြစ်တဲ့ ဘားနဒ်အားနော့တ်ရဲ့ LVMH လုပ်ငန်းကြီးဟာ ရှယ်ယာဈေး ထိုးတက်လာမှုကြောင့် လုပ်ငန်းတန်ဖိုး ဒေါ်လာ ၄၁၇ ဘီလျံအထိ ရှိလာခဲ့သလို ရှယ်ယာရဲ့ ၄၇% ပိုင်ဆိုင်တဲ့သူဟာလည်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူ့ရဲ့ အသားတင်ချမ်းသာမှုဟာ ဒေါ်လာ ၁၉၆ ဘီလျံ ရှိပါတယ်။

(၂) ဂျက်ဖ်ဘီဇော့စ်

jeff-bezos

Photo: manofmany

Amazon သူဌေး ဂျက်ဖ်ဘီဇော့စ်ကို ကမ္ဘာ့အချမ်းသာဆုံးအဖြစ် ပြီးခဲ့တဲ့နှစ်တွေက သတ်မှတ်လာခဲ့ရာကနေ ဒီနှစ်မှာတော့ သူ့သရဖူကို ပြင်သစ်သူဌေးကြီး ဘားနဒ်အားနော့တ်ကို လွှဲအပ်လိုက်ရပြီ ဖြစ်ပါတယ်။ Amazon ရှယ်ယာတွေ ၇% ထိုးကျသွားတာကြောင့်လည်း ဘီဇော့စ်ဟာ ၂၄ နာရီအတွင်း ဒေါ်လာ ၁၄ ဘီလျံ အရှုံးပေါ်ခဲ့တာကို ထည့်တွက်လိုက်ရင် မဆန်းဘူးလို့ ဆိုရမှာပါ။

အသက် ၅၇ နှစ်အရွယ် သူဌေးကြီးဟာ Amazon အပြင် အာကာသခရီးသွားလာရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Blue Origin ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ လက်ရှိ သူ့ပိုင်ိုင်မှုဟာ ဒေါ်လာ ၁၈၆ ဘီလျံဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် စာရင် ဒေါ်လာ ၇၃ ဘီလျံအထိ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

(၃) အီလွန်မတ်စ်

elon-musk

Photo: manofmany

Tesla နဲ့ SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ဒေါ်လာ ၁၃၀ ဘီလျံကျော်အထိ ရှာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုနှစ်မှာ ကမ္ဘာ့တတိယအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဒေါ်လာ ၁၆၃.၈ ဘီလျံအထိ ကြွယ်ဝလာခဲ့ပါတယ်။ Tesla ရှယ်ယာတွေ ၇၀၅% ထိုးမတက်ခင်က သူဟာ ဒေါ်လာ ၂၄.၆ ဘီလျံနဲ့ ကမ္ဘာ့ ၃၁ ဦးမြောက်အချမ်းသာဆုံးဖြစ်ခဲ့တာပါ။

(၄) ဘီလ်ဂိတ်စ်

bill-gates

Photo: manofmany

ကမ္ဘာ့အချမ်းသာဆုံးရာထူးကို နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တဲ့ Microsoft သူဌေးကြီး ဘီလ်ဂိတ်စ်ဟာ လောလောဆယ် ကမ္ဘာ့နံပါတ် ၄ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် Forbes က ဖော်ပြထားပါတယ်။ လက်ရှိအချိန် သူ့ရဲ့ ချမ်းသာမှုဟာ ဒေါ်လာ ၁၂၄ ဘီလျံရှိပါတယ်။

(၅) မတ်ခ်ဇူကာဘတ်ခ်

mark-zuckerberg

Photo: manofmany

Forbes ရဲ့ ဘီလျံနာအညွှန်းကိန်းနဲ့ အဲ့ဒီဘီလျံနာတွေရဲ့ ချမ်းသာမှုအချက်အလက်ဟာ ခဏခဏပြောင်းပါတယ်။ ဒါကလည်း ကုမ္ပဏီသူဌေးတွေရဲ့ ရှယ်ယာဈေးအတက်အကျပေါ် လိုက်ပြီး ခန့်မှန်းတွက်ချက်ထားလို့ ဖြစ်ပါတယ်။ ဒီစာကို ရေးတဲ့အချိန်မှာ Forbes က Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ခ်ရဲ့ ပိုင်ဆိုင်မှုကို အသားတင် ဒေါလာ ၉၇ ဘီလျံလို့ တွက်ချက်ထားပါတယ်။ အခုအချိန်မှာ ဒေါ်လာ ၁၃၀ ဘီလျံကျော် ရှိနေပါပြီ။