ကမ္ဘာတစ်လွှား ကျော်ကြားလှတဲ့ တိုက်ခိုက်ရေးအားကစား Combat Sports တွေထဲမှာ ဘောက်ဆင်ကို ထိပ်ဆုံးက ထားပြောကြပါတယ်။ တစ်ယောက်ချင်း ထိုးသတ်ရတဲ့ အားကစားဖြစ်ပြီး ကြမ်းတမ်းတယ်ဆိုပေမယ့် ဟိုးရှေးရှေးကတည်းက ဒီအားကစားမပါရင် အားကစားပွဲတော် မစည်ဘူးလို့ ဆိုစမှတ်ပြုခဲ့ကြတာပါ။

ဘောက်ဆင်ကစားနည်းဟာ ရှေးကတည်းက ဥရောပမှာ ထွန်းကားလာခဲ့ပါတယ်။ ဗြိတိန်မှာလည်း ဘောက်ဆင်အားကစားဘက်က ချွန်တဲ့ပုဂ္ဂိုလ်တွေ အမြောက်အများ ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒီထဲကမှ ဘောက်ဆင်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဗြိတိန်ဟဲဗီးဝိတ်လက်ဝှေ့ကျော်တွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

(၅) တွမ်မီဖားရ်

tommy-farr

Photo: sportsshow

အင်ပါယာဟဲဗီးဝိတ်တန်း ချန်ပီယံ တိုမီဖားရ်ဟာ အသက်ငယ်ငယ်လေးနဲ့ ဘောက်ဆင်လောကထဲ ဝင်ရောက်လာသူ ဖြစ်ပါတယ်။ သူ့ရဲ့လက်ဝှေ့သမားလောက အစောပိုင်းကာလတွေဟာ အလွန်ခက်ခဲကြမ်းတမ်းခဲ့ပြီးမှ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုကြောင့် ထိပ်သီးဗြိတိန်လက်ဝှေ့ကျော်တစ်ဦး ဖြစ်လာခဲ့တာပါ။ ၁၉၃၆ မှာ Welsh Championship ရဲ့ လိုက်ဟဲဗီးဝိတ်တန်းမှာ ဝင်ရောက်ထိုးသတ်ခဲ့ပြီး အနိုင်ရခဲ့ပါတယ်။

နောက်နှစ်မှာ ဗြိတိန်ဟဲဗီးဝိတ်ချန်ပီယံရှစ်နဲ့ အင်ပါယာဟဲဗီးဝိတ်ချန်ပီယံရှစ်တွေမှာ ဆုနှစ်ဆု ရခဲ့ပါတယ်။ ၁၃၇ ပွဲ ထိုးသတ်ခဲ့ရာမှာ ၈၄ ပွဲနိုင် ရလဒ် ရခဲ့တဲ့သူဟာ ကြိုးဝိုင်းအတွင်း သက်လုံနဲ့ခွန်အားပိုင်းမှာ ချီးကျူးခံရသူဖြစ်ပါတယ်။ တွမ်မီဖားရ် ကွယ်လွန်သွားတာ နှစ်ပေါင်းများစွာ ကြာပြီဆိုပေမယ့် ဗြိတိသျှအတော်ဆုံး ဘောက်ဆာတွေထဲမှာ သူ့ကို ထည့်ပြောနေရဆဲပါပဲ။

(၄) ဂျက် ပီတာဆန်

jack-petersen

Photo: sportsshow

အင်္ဂလန်ဘောက်ဆာတစ်ဦးဖြစ်တဲ့ ဂျက်ခ် ပီတာဆန်ဟာ အသက် ၁၈ နှစ်အရွယ်မှာ ဘောက်ဆင်လောကထဲ ဝင်ရောက်လာခဲ့သူ ဖြစ်ပြီး သူ့ခေတ်သူ့အခါက ကြံ့ခိုင်မှုအရှိဆုံး ဘောက်ဆာတစ်ဦးအဖြစ် အသိအမှတ်ပြုခံရသူ ဖြစ်ပါတယ်။ ကြိုးဝိုင်းထဲမှာ သူ့ရဲ့ အကြောက်အရွံ့ကင်းမဲ့မှုနဲ့ ဘယ်သူမှ လိုက်မမှီတဲ့ ယုံကြည်မှုတွေကြောင့်လည်း ထင်ရှားပါတယ်။

Welsh အပျော်တမ်းဘောက်ဆင်အစည်းအရုံးမှာ စပြီး ဘောက်ဆင်ကစားခဲ့ရာကနေ မစ်ဒယ်ဝိတ်တန်းဖိုင်နယ် နှစ်ကြိမ်နဲ့ လိုက်ဟဲဗီးဝိတ်ဖိုင်နယ် ၁ ကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာပြီးနောက်မှာ ပီတာဆန်ဟာ Welsh ABA (အပျော်တန်းဘောက်ဆင်အစည်းအရုံး) ဆုတွေကို လိုက်ဟဲဗီးဝိတ်တန်းရော ဟဲဗီးဝိတ်တန်းတွေမှာပါ ရခဲ့တာပါ။ ဗြိတိန် ABA မှာလည်း လိုက်ဟဲဗီးဝိတ်တန်းနဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။

ပီတာဆန်ဟာ ဘောက်ဆင်နဲ့ ဆုတွေအများကြီး ရခဲ့ပေမယ့် လက်ဝှေ့ပွဲတွေ အများကြီး ယှဉ်ပြိုင်ခဲ့သူတော့လည်း မဟုတ်ပါဘူး။ လက်ဝှေ့ကြိုးဝိုင်းထဲ ၃၈ ကြိမ် ဝင်ရောက်ခဲ့ပြီး ဒီထဲက ၃၃ ပွဲဟာ ဆုတန်းအတွက် ဝင်ခဲ့တာ ဖြစ်ပါတယ်။ ဆုတန်းအပြင် သူ့ရဲ့ လက်ရည်ကို ကမ္ဘာ့ဘောက်ဆင်လောကက ချီးကျူးခဲ့ပါတယ်။ ဗြိတိန်ရဲ့ အတော်ဆုံး ဟဲဗီးဝိတ်စာရင်းမှာ နံပါတ်စဉ် ၄ ထားပြောရလောက်အောင်လည်း တော်တဲ့သူပါ။

(၃) ဟင်နရီကူးပါး

henry-cooper

Photo: sportsshow

ဆာဟင်နရီကူးပါးကို ကမ္ဘာ့အကြီးကျယ်ဆုံးနဲ့ အငြင်းအခုံဖြစ်စရာအကောင်းဆုံး အားကစားသမားတစ်ဦးဖြစ်တဲ့ မိုဟာမက်အလီနဲ့ ထိုးသတ်တဲ့ ၁၉၆၃ ခုနှစ်က ပွဲနဲ့ တွဲပြီး မြင်ကြပါတယ်။ ဟင်နရီဟာ ၁၉၄၉ မှာ လက်ဝှေ့သမားဘဝကို စတင်ခဲ့ပါတယ်။ လက်ဝှေ့ကို ဒုတိယကမ္ဘာစစ်အတွင်းမှာ လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ ခေတ်ဆိုးကြီးထဲမှာ ပရော်ဖက်ရှင်နယ်ဘဝကို သွားဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာပါ။

ဘောက်ဆင်ဘဝကို သွားဖို့အတွက် လိုတဲ့ လေ့ကျင့်ရေးစရိတ်ကာမိစေဖို့ဆိုပြီး အလုပ်ကြမ်းတွေလည်း လုပ်ပြီး ရပ်တည်ခဲ့တာပါ။ သူ့ရဲ့ပထမဆုံးရတဲ့ ဆုဟာ ဥရောပဟဲဗီးဝိတ်ချန်ပီယံရှစ်ဆုပဲ ဖြစ်ပြီး သုံးနှစ်ကြာအောင် ချန်ပီယံခါးပတ်ကို ထိန်းသိမ်းထားနိုင်ခဲ့တာပါ။ ဟင်နရီဟာ BBC Sports က ပေးတဲ့ Personality of The Year ဆုကို နှစ်ကြိမ်တိုင် ရခဲ့တဲ့ ပထမဆုံး လက်ဝှေ့ချန်ပီယံဖြစ်လာခဲ့ပါတယ်။

နောက်ထပ် မှတ်တမ်းတစ်ခုကတော့ Lonsdale Belts ကို သုံးကြိမ်တိုင် ရတဲ့ တစ်ဦးတည်းသော ဗြိတိန်ဘောက်ဆာတစ်ဦး ဖြစ်ပါတယ်။ ဟင်နရီဟာ လက်ဝှေ့ပွဲပေါင်း ၅၅ ပေါင်း ယှဉ်ပြိုင်ခဲ့ပြီး ပွဲပေါင်း ၄၀ အထိ နိုင်ခဲ့ပါတယ်။ ဗြိတိသျှ ဓနသဟာယ ဟဲဗီးဝိတ်ချန်ပီယံရှစ်မှာ ၁၂ ရာသီဆက်တိုက် ထိုးသတ်ခဲ့ပြီး ရှုံးပွဲမရှိဘောက်ဆာအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဗြိတိန်ဟဲဗီးဝိတ် ထိပ်တန်းအကျော်အမော် ၅ ဦးစာရင်းမှာ နံပါတ် ၃ နေရာ ထားပေးတာ ဖြစ်ပါတယ်။

(၂) ဒေးဗစ်ဟေးရ်

david-haye

Photo: sportsshow

ဗြိတိန်ပရော်ဖက်ရှင်နယ်ဘောက်ဆာ ဒေးဗစ်ဟေးရ်ဟာ မတွဲတဲ့ ဝိတ်တန်းနှစ်ခုမှာ ကမ္ဘာ့ချန်ပီယံဆု အများအပြား ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ အမြန်နှုန်းနဲ့ လှုပ်ရှားဟန်ကြောင့် နာမည်ကြီးပါတယ်။ WAB ကမ္ဘာ့အပျော်တမ်းဘောက်ဆင် ချန်ပီယံရှစ် တက်ရောက်ခဲ့တဲ့ ပထမဆုံးဗြိတိန်ဘောက်ဆာတစ်ဦးဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ WAB အပျော်တမ်းချန်ပီယံရှစ် ရောက်ခဲ့ပြီး ငွေတံဆိပ်နဲ့ ကျေနပ်ခဲ့ရတာပါ။
BoxRec ကတော့ ၂၀၀၅ နဲ့ ၂၀၀၇ ခုနှစ်အတွင်း ကမ္ဘာ့နံပါတ်ခရူဇာဝိတ်ချန်ပီယံအဖြစ် သူ့နာမည်ကို ဖော်ပြခဲ့ပါတယ်။ ၃၂ ပွဲ ထိုးသတ်ခဲ့ရာမှာ ၂၈ ပွဲအနိုင်ရခဲ့ပြီး အံ့လောက်တဲ့ ထိုးသတ်ချက်တွေကြောင့် သူ့ကို ချီးကျူးခဲ့ရပါတယ်။

(၁) လင်းနော့ လူးဝစ်

lennox-lewis

Photo: sportsshow

၁၉၉၃ ကနေ ၂၀၀၃ ခုနှစ်အတွင်း အလွန်ထူးခြားတဲ့ ဗြိတိန်ဘောက်ဆာတစ်ဦး ပေါ်ပေါက်ခဲ့ပါတယ်။ သူ့ရဲ့ ခွန်အားနဲ့ သန်မာရဲရင့်မှုကြောင့် ခြင်္သေ့ကြီး လို့ နာမည်ပြောင်ပေးထားတဲ့ လင်းနော့လူးဝစ် ဖြစ်ပါတယ်။ လင်းနော့လူးဝစ်ဟာ လက်ဝှေ့သမိုင်းတစ်လျှောက်မှာပါ အတော်ဆုံးစာရင်းဝင်သူ ဖြစ်ပါတယ်။ လက်ဝှေ့သမားဘဝ အစောပိုင်း ၃ နှစ်အတွင်း ဒေသတွင်း ဟဲဗီးဝိတ်ချန်ပီယံရှစ်အပြင် ဥရောပ ၊ ဗြိတိသျှ နဲ့ ဓနသဟာယချန်ပီယံရှစ်ဆုတွေကို သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ကစားသမားဘဝတစ်လျှောက် ၄၄ ပွဲ ထိုးသတ်ခဲ့ပြီး ၄၁ ပွဲအထိ နိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆုကို နှစ်ကြိမ်တိုင် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ လင်းနော့ လူးဝစ်ဟာ အလဲထိုးဘုရင် သံမဏိမိုက်ခ်လို့ ကမ္ဘာကျော်တဲ့ မိုက်တိုင်ဆင်ကို ရှစ်ချီမှာ အလဲထိုးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။